မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပြီးခဲ့သည့် လပိုင်းအတွင်းက
ဖြစ်ပွားခဲ့သည့် ဆုံဆို့နာရောဂါအား ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့များတွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက
ဆုံဆို့နာရောဂါ ဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာလ ၁ ရက်မှ စတင်၍ ထပ်တိုးလူနာ မရှိတော့ဘဲ
စောင့်ကြည့်ကာလ ၂ ပတ်အတွင်း ရောဂါ ဖြစ်ပွားသူ မရှိသဖြင့် ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်
ထံက သိရသည်။
.
“တစ်နိုင်ငံလုံးမှာ အကြီးဆုံးဖြစ်တယ်လို့ဆိုနိုင်တဲ့ Outbreak
ပါ။ အခုတော့ ထိန်းချုပ်နိုင်ပါပြီ။ အမီလိုက်ဆေး ထိုးတာ၊
တိုးချဲ့ဆေးထိုးတာတွေ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာတော့ ရောဂါကို
ထိန်းချုပ်နိုင်ပါပြီ” ဟု ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာရောဂါ ဖြစ်ပွားသူ စုစုပေါင်း
၂၂၄ ဦး ရှိခဲ့ရာတွင် ၁၀ ဦသေဆုံးခဲ့ပြီး မြို့နယ်အလိုက်ရောဂါဖြစ်ပွားမှု အနေဖြင့် မိုင်းခတ်တွင်
ဖြစ်ပွား ၅၅ ဦး၊ သေဆုံး ၂ ဦး၊ တာချီလိတ်တွင် ဖြစ်ပွား ၅၀ ဦး၊ သေဆုံး ၆ ဦး၊
မိုင်းဆတ်တွင် ဖြစ်ပွား ၄၂ ဦး၊ သေဆုံး ၂
ဦး၊ မိုင်းတုံတွင် ဖြစ်ပွားသူ ၄၁ ဦး၊ ကျိုင်းတုံတွင် ၁၈ ဦး၊ မိုင်းဖြတ်တွင် ၁၆
ဦးနှင့် မိုင်းယောင်း ၂ ဦးတို့ဖြစ်ကြောင်းသိရသည်။
.
သေဆုံးနှုန်းတွင် တာချီလိတ်မှာ ၁၂ ရာခိုင်နှုန်းဖြင့် သေဆုံးမှု အမြင့်ဆုံးဖြစ်ကာ အသက်အရွယ် ဖြစ်ပွားမှုနှုန်းမှာ
အသက် ၁ နှစ်မှ ၅ နှစ်အထိ ၅ ယောက်သာ ဖြစ်ကာ အသက် ၁၀ နှစ်မှ ၁၄ နှစ်ထိ ၃၄ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်အထက်မှာ ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဖြစ်ပွားသည့် အသက်အပိုင်းအခြားအရ အသက် ၃ နှစ်မှ အသက် ၆၀ နှစ် အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအနေဖြင့်
အမီလိုက်ကာကွယ်ဆေးထိုးနှံရာတွင် ရည်မှန်းဦးရေ
၆၉၃၂၁ ဦး အနက် သတ်မှတ်ကာလ
၁ လ တစ်ကြိမ်ဖြင့် ၃ ကြိမ်ထိုးနှံရာတွင် ဦးရေ ၅၉၉၃၈ ဦးကို ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆုံဆို့နာကာကွယ်ဆေး၏ တန်ဖိုးမှာ ကျပ် ၅၀၀၀၀ ကျော် အနည်းဆုံးရှိနေပြီး နိုင်ငံတော်မှ အခမဲ့ ထိုးနှံပေးလျက်ရှိရာ
သတ်မှတ်အသက်အရွယ်များအား ထိုးနှံမှုများပြုလုပ်ပေးလျက်ရှိသော်လည်း အသက် ၁ နှစ်အောက်တွင်
၂ လ/၄ လ/၆ လ ထိုးနှံခြင်း၊ အသက် ၁ နှစ်ခွဲတွင် ထိုးနှံခြင်းဖြင့် ကျောင်းနေအရွယ်
မူလတန်းအဝင်နှင့် အလယ်တန်းဝင် အသက်အရွယ်များတွင် ထိုးနှံမှုများပြုလုပ်လျက်ရှိပြီး
၁၀ နှစ်လျင် တစ်ကြိမ်ကျ ထိုးနှံသွားရန် လိုအပ်ကြောင်း သိရသည်။
.
နိုင်ငံသားများအနေဖြင့် နိုင်ငံတော်မှ ထိုးနှံပေးသည့်
ကာကွယ်ဆေးထိုးစုရပ်များသို့ ကျန်းမာရေးအသိဖြင့် လာရောက်စေခြင်းသည်သာ ရောဂါကို
ကာကွယ်ပေးနိုင်စွမ်းအပြည့်အဝ ရှိမည်ဖြစ်ကြောင်း ဒေါက်တာ ဘစိုးသက်က ဆက်လက်ပြောဆိုခဲ့သည်။
.
ဆုံဆို့နာ(Diphtheria) ရောဂါမှာ
ဘက်တီးရီးယားပိုးများကြောင့် လည်ပင်းတွင် အဖြူဖတ်များ ပိတ်ဆို့မှု ဖြစ်ပွားလာကာ
ယင်းဘက်တီးရီယားများမှ ထုတ်လွှတ်သည့် အဆိပ်များက နှလုံးကို တိုက်ခိုက်သဖြင့် နှလုံးယောင်ပြီး
သေဆုံးရခြင်းဖြစ်ကာ ယင်းရောဂါသည် လူ ၁၀ ဦးတွင် ၄ ဦးသေဆုံးနိုင်ပြီးသေဆုံးနှုန်း ၃၇
ရာခိုင်နှုန်းအထိမြင့်မားသဖြင့် လူထုအနေဖြင့် ပေါ့ဆမှုမရှိကြစေရန်လိုအပ်ကြောင်း သိရသည်။
.
No comments:
Post a Comment