ဆိုင်းနှောင်
.
မိမိတို့ပါတီသည် မျက်နှာသစ်ပါတီ ဖြစ်သော်လည်း နိုင်ငံရေးနှင့်
ဘောလုံးလောကတွင် ထင်မှတ်မထားသည့် အခြေအနေတစ်ရပ်၌ မဖြစ်နိုင်သည်ဟူ၍ မရှိကြောင်း ပြည်သူ့ပါတီမှ
ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်လောင်း
ဦးမျိုးမင်းသန့်က သုံးသပ်ပြောဆိုခဲ့သည်။
.
.“နိုင်မယ်၊ ရှုံးမယ်ဆိုတာ ခေါင်းထဲမထားပါဘူး။ ကျွန်တော်ပြိုင်မယ့်
တောင်ကြီး ပြည်နယ် (၁) မဲဆန္ဒနယ်ဆိုတာ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်
အများဆုံးတောင် ဖြစ်လောက်တယ်။ ကျွန်တော်တို့ ပါတီက ဘောလုံးစကားနဲ့ ပြောရရင်တော့
အောက်တန်းကနေ စကန်ပြီး အခုမှ တန်းတက် လာတဲ့ အသင်းပေါ့ဗျာ။ ကြိုးဝိုင်းစကားနဲ့
ဆိုရင်လည်း မျက်နှာသစ် လက်ဝှေ့သမားတစ်ယောက်က Heavy Weight တန်းကလူကို
ယှဉ်ထိုးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ဘောလုံးလောကမှာ မဖြစ်နိုင်တာ
မရှိဘူးပေါ့။ အဓိကတော့ ယှဉ်ပြိုင်ခြင်းပါ။ အနိုင်မရခဲ့ရင်လည်း လွှတ်တော် ပြင်ပလမ်းကြောင်းကနေ
လူထုအတွက် လုပ်ပေးနိုင်တာတွေ ရှိပါတယ်” ဟု ဦးမျိုးမင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ပြည်သူပါတီအနေဖြင့် ရွေးကောက်ပွဲအနိုင်ရ၍ လွှတ်တော်အတွင်း
ရောက်ရှိခဲ့ပါက တောင်သူလယ်သမား အရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီအရေးတို့အတွက် ဟန်ချက်ညီညီ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“လွတ်တော်ထဲ ရောက်သွားရင်တော့ ဟန်ချက်ညီအောင်
ဆောင်ရွက်ရမှာပေါ့။ တောင်သူလယ်သမား အရေးပဲ ဆောင်ရွက်လို့ မရသလို ဖက်ဒရယ်
ဒီမိုကရေစီ ရရှိရေးပဲ ဆောင်ရွက်နေလို့လည်း မရပါဘူး။ ဟိုဘက်က ဘယ် တစ်လှမ်း လှမ်းရင်
ဒီဘက်က ညာတစ်လှမ်းနဲ့ သွားရမှာပါ။ ကျွန်တော့် မဲဆန္ဒနယ်မှာက တောင်သူလယ်သမား
အများစု ဖြစ်တဲ့အတွက် သူတို့အရေးကို ကျွန်တော် လျစ်လျူရှုထားလို့ မရပါဘူး” ဟု ဦးမျိုးမင်းသန့်က
ဆက်လက်ပြောကြားသည်။
.
ပြည်သူ့ပါတီသည် ရှမ်းပြည်နယ်အတွင်း တောင်ကြီးနှင့် နောင်ချိုမြို့နယ်များတွင်
လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment