ရှမ်းပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 31, 2020

ရှမ်းပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ ပြောကြား

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) (ကျားဖြူပါတီ) အနေဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး ရှမ်းပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောဆိုခဲ့သည်။

.



.

“ဝင်ပြိုင်တာကတော့ မိုင်းကိုင်မပါ ၁၀၅ ဦး ဖြစ်ပါတယ်။ အဲဒီထဲမှာ အနည်းဆုံး ၃ ပုံ ၂ ပုံ အနိုင်ရဖို့ မျှော်မှန်းထား ပါတယ်။ ရှမ်းပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု စိုင်းအိုက်ပေါင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အကယ်၍ ရှမ်းပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ပါက ပြည်နယ်အတွင်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး စသည့်လုပ်ငန်းများကို သက်တမ်းကာလအတွင်း အပြီး ရရှိအောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်‌ပြောဆိုခဲ့သည်။

.

ထို့အတူ မဲဆန္ဒရှင်ပြည်သူများနှင့် ပတ်သက်၍လည်း ဦးစိုင်းအိုက်ပေါင်းက “မဲဆန္ဒရှင်ပြည်သူတွေ အားလုံး နိုဝင်ဘာ  ၈ ရက်ကျရင် အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ ကျား/မ မရွေး ကိုယ်ကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးကြပါလို့ ပြောလိုပါတယ်။ မဲမပေးဘဲနဲ့ No Vote မလုပ်ပါနဲ့။ ဒါဟာ တိုင်းပြည်အတွက်၊ ကိုယ့်ဘဝ ကံကြမ္မာအတွက် အများကြီး အရေးကြီးပါ တယ်။ ဒါ ကိုယ့်ရဲ့ အခွင့်အရေးပါ” ဟု ပြောဆိုခဲ့သည်။

.

SNDP အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ “ဝ”၊ ပလောင်၊ ကိုးကန့်၊ လီဆူ၊ ဓနု စသည့် တိုင်းရင်းသားနိုင်ငံရေးပါတီ များနှင့် မဟာမိတ်ပုံစံ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းထံက သိရသည်။

.

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ပေါင်း ၃၆ ခုတွင် ကိုယ်စားလှယ်လောင်း ၁၀၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားခဲ့ပြီး ယခုအခါ မိုင်းကိုင် မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသဖြင့် ၁၀၅ ဦးသာ ဝင်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

.

“မိုင်ကိုင်မှာ အေးဆေးနေပါတယ်။ ဘာဖြစ်လို့ ကျင်းပခွင့် မရတာလဲဆိုတာ နားမလည်ပါဘူး။ ဘာမှ တိုက်ပွဲလည်း မရှိပါဘူး” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

.

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် စတင်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅၈ နေရာ အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About