စုလှိုင်
.
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းကို
ယာယီပျံကျဈေးအဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
“တစ်မြို့လုံးမှာရှိတဲ့
ပျံကျဈေးသည်အားလုံးတော့ မလုပ်နိုင်သေးဘူး။ အဓိက ကုန်သည်လမ်းဆိုရင် မနက်အစောပိုင်း ကတည်းက
ကားတွေ၊ လူတွေနဲ့ ရှုပ်ယှက်ခတ်နေပြီ။ အဲဒီကနေ ကူးလာမှာ စိုးရိမ်ရတယ်။ ဒါကြောင့် စနစ်တကျ
လုပ်တာပါ။ အဝင်လမ်း၊ အထွက်လမ်း လုပ်ပြီး Mask တပ်တာတို့၊ လက်ဆေးတာတို့ လုပ်ဖို့ စက်နဲ့ဖွင့်ပြီး နှိုးဆော်
ပေးမယ်။ သောကြာနေ့ (အောက်တိုဘာ ၉ ရက်) လောက်ဆိုရင် အဲဒီဘက် ရွှေ့နိုင်မယ်ထင်တယ်” ဟု
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အဝေရာမီးပုံးပျံကွင်းအတွင်း
ယာယီပျံကျဈေး ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်နှင့် တာဝန်ရှိသူများက
ယနေ့ အောက်တိုဘာလ ၆ ရက်၊ ညနေပိုင်းတွင် သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ သည်ဟု
သိရသည်။
.
လက်ရှိတွင် COVID-19 ရောဂါ ကူးစက်မှုသည် ဈေးသည်များနှင့်
အနီးကပ်ဆုံးဖြစ်သည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များတွင် အများဆုံး
တွေရှိနေရသည့်အတွက် ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရန် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ပြီး
တောင်ကြီးမြို့ပေါ်တွင် လမ်းဘေးဈေးသည်များနှင့် ဈေးဝယ်များမှာ COVID-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာမှု အားနည်းနေသည်ကို တွေ့ရသည့်အတွက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောဂါကူးစက်မှုကို ထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့ရှိ ယာယီပျံကျဈေး ၃ ခုကိုလည်း ပြည်ထောင်စုလမ်းမကြီးဘေး၊ အေးသာယာရုပ်ရှင်ရုံအနီးရှိ
၅ ဧက ကျယ်ဝန်းသော ကွင်းအတွင်း ပြောင်းရွှေ့၍ စနစ်တကျ ရောင်းချနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိထားပြီး
အောက်တိုဘာလ ၇ ရက်တွင် စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် တောင်ကြီးမြို့၊
ကုန်သည်လမ်းတစ်လျှောက်၌ ဈေးတန်းရှည်သဖွယ် ဖြစ်ပေါ်နေပြီး ဈေးသည်/ဈေးဝယ် များဖြင့် ယာဉ်ကြောပိတ်ဆို့မှု
မကြာခဏ ဖြစ်ပေါ်လျက်ရှိသည့်အပြင် Mask တပ်ဆင်မှု အားနည်းခြင်း၊ သုံးစွဲပြီး Mask များကို စနစ်တကျ
စွန့်ပစ်မှု မရှိခြင်းတို့ကြောင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ကော်မတီမှ ထိန်းသိမ်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment