နမ့်ခမ်းမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရွေးကောက်ပွဲအကူ ၂ ဦးကို ဖမ်းဆီး၍ ခြိမ်းခြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 25, 2020

နမ့်ခမ်းမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရွေးကောက်ပွဲအကူ ၂ ဦးကို ဖမ်းဆီး၍ ခြိမ်းခြောက်

မင်းဇော်မင်း

.

နမ့်ခမ်းမြို့နယ်၊ မန်ဆပ်ကျေးရွာအုပ်စု၊ ပန်ဆေးကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်က ပြည်သူ့စစ်တစ်ဖွဲ့မှ အင်အား ၅ဝ ဦးခန့်သည် ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၏ ရွေးကောက်ပွဲအကူ အမျိုးသား ၂ ဦးကို ကြိုးဖြင့် တုပ်၊ လက်ထိပ်ခတ်ကာ ကားအတွင်း ပိတ်လှောင်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိမ့်သိမ့်ထွန်းထံမှ သိရသည်။

.

“ ကျွန်မတို့ စည်းရုံးရေး ဆင်းခဲ့ပြီးနောက် ၁၈ ရက်မှာ နမ့်ခမ်းက ပြည်သူ့စစ်တစ်ဖွဲ့က ကား ၁၁ စီးနဲ့ ကျွန်မ ဆွေမျိုးရွာကို သွားပြီး ကျွန်မကို ဝန်းရံလို့ ဆိုပြီး လူ ၅ ဦးကို ဖမ်းမယ် ပြောတယ်။ ပြီးတော့ ဦးအိုက်ဝမ်နဲ့ ဦးအမ်းဟိုင်း ၂ ဦးကို ပလပ်စတစ်ကြိုးနဲ့ တုပ်၊ လက်ထိပ် ခတ်ပြီး ကားထဲကို နေ့လယ်ကတည်းက ထည့်ထားတာ။ ဒါကို ရွာက လူတွေသိတော့ ည ၁၂ နာရီ ကျော်မှာ ကားကို ထုရိုက်ပြီးမှ ကယ်တင်ရတယ်။ အခြား ၃ ဦးကိုလည်း ဖမ်းမယ်ဆိုလို့ ရွာလူထုက ဝိုင်း ပြောကြတယ်။ ဗီဒီယိုမှာ အဲဒီရွာသူ မအားညှာက ပြောနေတာ၊ ဒီရွာက ပန်ဆေး ဦးကျော်မြင့် ရဲ့အစ်ကို အရင်း ဦးလောဝမ်ရဲ့ ရွာပဲ။ လာတဲ့ပြည်သူ့စစ် က ဒေသခံပြည်သူ့စစ်တွေ မဟုတ်ဘူး။ နမ့်ခမ်းက သွားတာ၊ ခုလည်း အမျိုးမျိုး ခြိမ်းခြောက်မှုတွေ လုပ်နေလို့ စိုးရိမ်လာပြီး ခုမှ ပြောရခြင်း ဖြစ်ပါတယ်။” ဟု ဒေါ်ခင်သိမ့်သိမ့်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပြည်သူ့စစ်အဖွဲ့မှ မျိုးမစစ်သည့် ပါတီ၊ အစိုးရ မဖွဲ့နိုင်သည့် ပါတီဟု ပြောဆိုသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ခင်ပွန်းဖြစ်သူ ပန်ဆေးပြည်သူ့စစ်အမာခံ စစ်ဆင်ရေးမှူး ဦးတင်လှိုင်ကို အောက်တိုဘာ ၁၈ ရက်က ဖြုတ်ချပြီး လက်နက်များ သိမ်းယူခဲ့ကြောင်း၊ ဖမ်းဆီးခြိမ်းခြောက်မှု ဖြစ်စဉ်အား ရုပ်သံ ရိုက်သူ မအာကူးမီးကိုလည်း ခြိမ်းခြောက်နေခြင်း၊ ၄င်း၏ပါတီကို ဝန်းရံသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များကို ခြိမ်းခြောက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းများ ပြုလုပ်နေသဖြင့် ကြောက်ရွံ့နေကြရကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

.

 

ပန်ဆေးပြည်သူ့စစ်(ဌာနေ)အဖွဲ့က အောက်တိုဘာလ ၁၈ ရက်စွဲဖြင့် ဦးဉာဏ်လင်းဦး လက်မှတ်ရေးထိုးကာ ဦးတင်လှိုင်ကို အဖွဲ့မှ အနားပေးသည့် စာတွင် ၄င်း၏ ဇနီးဖြစ်သူသည် UBP ပါတီမှ ရွေးကောက်ခံသည့်အတွက် ဦးတင်လှိုင်အနေဖြင့် ပန်ဆေးပြည်သူ့စစ် အဆောင်အယောင်များကြောင့် ပြည်သူလူထုမှ တိုင်တန်းလာနိုင်သဖြင့် တာဝန်မှ အနားပေးပြီး လက်နက်/ခဲယမ်းများကို သိမ်းဆည်းကြောင်း ပါရှိသည်ကို တွေ့ရသည်။

.

ပန်ဆေးဒေသ ပြည်သူ့စစ် ကြီးကြပ်ရေးကော်မတီ ဆက်ဆံရေးတာဝန်ကျ ဦးကျားပေါက်သို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ပန်ဆေးရွာ ဖြစ်စဉ်ကို မသိသေးကြောင်းနှင့် ဦးတင်လှိုင်ကို အနားပေးသည့်ကိစ္စမှာမူ ပါတီနိုင်ငံရေးဖြင့် ဆက်နွယ်မှုများ ရှိလာမည်ကို စိုးရိမ်သည့်အတွက် အနားပေးရခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

.

“ ဥပဒေမှာလည်း သတ်မှတ်ထားတယ်လေ၊ လက်နက်ကိုင်တွေ၊ ပါတီတွေ ပြည်သူတွေ တစ်မျိုးမြင်မှာ စိုးလို့ အဲလိုပါ။ နိုင်ငံရေးမှာ ဝင်ပါမှာ စိုးလို့ပါ၊ တခြားကိစ္စတွေ မရှိပါဘူး။” ဟု ဦးကျားပေါက်က ပြောသည်။

.

အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိမ့်သိမ့်ထွန်းက နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ အောက်တိုဘာ ၂၀ ရက်တွင် တင်ပြထားကာ မဲဆွယ်စည်းရုံးရေး လုပ်ရန်အတွက် ကြောက်ရွံ့နေသဖြင့် မလုပ်ဆောင်နိုင်တော့ကြောင်းလည်း သိရသည်။

.

နမ့်ခမ်းမြို့နယ်တွင် လာမည့် ရွေးကောက်ပွဲ၌ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၇ ခုမှ တို့မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ပြီး မဲဆန္ဒရှင် ဦးရေ ၈၂၀၀၀ ကျော် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats