စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ
COVID-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်
ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ နားခိုနိုင်ရန်အတွက် ယာယီအဆောက်အဦ ဆောက်လုပ်လျက်ရှိကြောင်း
သိရသည်။
.
.
“ယာယီရပ်နားဖို့ဆိုတာက
ကားတွေက လမ်းပေါ်မှာပဲရပ်မယ်။ လူတွေ ခဏတစ်ဖြုတ်နားဖို့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ
အတွက် ယာယီအဆောက်အဦ ဆောက်ပေးမှာပါ။ ခဏတစ်ဖြုတ်နားဖို့၊ သန့်စင်ခန်း သုံးဖို့ပေါ့။ လက်ဆေးဘေစင်တွေလည်း
လုပ်ပေးမှာပါ” ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က
အောက်တိုဘာလ ၈ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အဆောက်အဦမှာ
အလျား ၁၀၀ ပေ၊ အနံ ၁၀ ပေရှိ အမိုးအကာပါ ယာယီအဆောက်အဦဖြစ်ပြီး ဆောက်လုပ်ရန် ကုန်ကျစရိတ်ကို
ရှမ်းပြည်နယ်အစိုးရမှ ထုတ်ပေးထားခြင်းဖြစ်ကာ အဆောက်အဦ ဒီဇိုင်းနှင့် ပစ္စည်းများ ရှိပြီးဖြစ်၍
တည်ဆောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်သာ ကုန်ကျမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“ကားသမားတွေကို ဘယ်အချိန်စပြီး
လက်ခံမယ် ဆိုတာကတော့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီနဲ့ ညှိရမှာပါ။ လုပ်ငန်းကတော့
စလုပ်နေပါပြီ” ဟု ဦးမျိုးလွင်က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့
ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို အဆိုပါ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်
Rapid Test Kit ဖြင့် COVID-19
ရောဂါ ရှိ/မရှိ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment