နန့်ပန်တက်တွင် ယာဉ်အဝင်/အထွက် အချိန် ကန့်သတ်မှုကြောင့် ကုန်တင်ယာဉ်များ အဆင်မပြေ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နန့်ပန်တက်တွင် ယာဉ်အဝင်/အထွက် အချိန် ကန့်သတ်မှုကြောင့် ကုန်တင်ယာဉ်များ အဆင်မပြေ ဖြစ်ပေါ်နေ

စုလှိုင်

.

ကလောမြို့နယ် ၊ နန့်န်က်ကျေးရွာရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ အောက်တိုဘာလ ၁၂ ရက် ညပိုင်းမှ စတင်၍ ကုန်တင်ယာဉ်များအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဝင်/ထွက်ခွင့် ကန့်သတ်၍ သတ်မှတ်လိုက်ခြင်းကြောင့် ကုန်တင်ယာဉ် မောင်းနှင်သူများ အဆင်မပြေ ဖြစ်နေရကြောင်း သိရသည်။

.

မနက် ၆ ည ၆ ဆိုတော့ အခက်အခဲ ဖြစ်တယ်။ ကုန်တင်ကားဆိုတော့ ညပဲ အေးအေးဆေးဆေး မောင်း သွားရတာ။ နေ့ခင်းဆိုတော့ လောလောနဲ့ မောင်းရတော့ အဆင်မပြေဘူး။ ညပဲ မောင်းရရင် ကုန်စိမ်းတွေက အဆင်ပြေတယ်။ အထား ခံတာပေါ့။ ကားသမားတိုင်း အတွက် အဆင်မပြေဘူး ကုန်းစိမ်းသမားအတွက် ပိုပြီး အဆင်မပြေဘူး။ အချိန် သတ်မှတ်လိုက်တော့ မောင်းတဲ့သူအတွက် ဒုက္ခ ပိုရောက်တာပေါ့။” ဟု ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ရွာကျေးရွာနေ ကုန်တင်ယာဉ်မောင်း ဦးငွေတိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ယင်းကဲ့သို့ ကုန်တင်ယာဉ်များ ဝင်/ထွက် မောင်းနှင်ခွင့် အချိန် သတ်မှတ်ရခြင်းမှာ ကျန်းမာရေး စစ်ဆေးသည့် ဝန်ထမ်း အင်အား နည်းပါးမှုကြောင့်နှင့် အချိန်ကြာမြင့်စွာ တာဝန် ထမ်းဆောင်နေရသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း သိရသည်။

.

ဝန်ထမ်းအင်အား မလုံလောက်တာလည်း ပါတယ်။ တစ်ဆိုင်း(တစ်ဖွဲ့) ဆိုရင် ဘော်ဆိုင်းဆိုရင် ဘော်ဆိုင်းအဖွဲ့၊ ဟဲဟိုးဆိုရင် ဟဲဟိုးကအဖွဲ့ အနည်းဆုံးတော့ ၈ ယောက်လောက် လာရတယ်။ ပြီးလို့ ရှိရင် အဲတစ်ရက်ကို ၁၂ နာရီလုံး နေရတယ်။ အဲကြတော့ နန့်ပန်တက်မှာ ပူတာက တစ်ကြောင်းအချိန် ၁၂ နာရီ Duty (တာဝန် ထမ်းဆောင်ရခြင်း)က တစ်ကြောင်း။ ဘော်ဆိုင်းဆိုရင် ဒီကနေ ပြန်ရရင် အနည်းဆုံး ၃ နာရီ ၄ နာရီလောက် လမ်းမှာ ကြာတော့လေ။ အဲတာတွေနဲ့လည်း တစ်ကြောင်း။ ကျန်းမာရေးက  အခက်အခဲပေါ့။ ဆရာမတွေလည်း ဝေးတဲ့နေရာက လာရတဲ့ သူနာပြုတွေ အတွက်လည်း ပါတယ်ဟု နန့်ပန်တက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် COVID-19 စစ်ဆေးပေးနေသည့် ဒေါက်တာ စောမြသစ္စာက ကမ္ဘောဇတိုင်းသို့ ရှင်းပြသည်။

.

ကလောမြို့နယ်အုပ်ချုပ်ရေးမှူးအား ကမ္ဘောဇတိုင်းမှ ယင်းအခြေအနေနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် “ ၆ နာရီက ဘာလို့လဲဆိုတော့ ကျန်းမာရေးက Test Kit နဲ့ စစ်ဆေးတာ ၆ နာရီဆို ပြီးသွားပြီဆိုတော့ အတက်ရော၊ အဆင်းရော စစ်ရတာဆိုတော့လေ။ ၆ နာရီမှာ ‌ခေတ္တပိတ် မနက် ၆ နာရီမှ ပြန် ဖွင့်ပေးတယ်။ ကျန်းမာရေးက မစစ်ပေးရင် စစ်ပေးလို့ မရဘူး။ စစ်ဆေးပြီးမှ လွှတ်လို့ ရတာ။ မနက် ၆ည ၆ က ညွန်ကြားချက် မဟုတ်ဘူး။ ကျန်းမာရေးက ၁၀ နာရီထိ လုပ်ပေးလို့ ရရင် ၁၀ နာရီထိ လုပ်ပေးလို့ရ တယ်။ အဓိက ညွန်ကြားချက်က အတက်ရော အဆင်းရော စစ်ရမယ်လို့ ပါလို့ပါဟု ပြောသည်။

.

အဆိုပါ ကျန်းမာရေး စစ်ဆေးသည့် ဝန်ထမ်းအင်အား မလုံလောက်မှု အခြေအနေနှင့် ကုန်တင်ယာဉ်များ အချိန်မီ ဝင်/ထွက် မောင်းနှင်ခွင့် ရရှိရန်အတွက် အရေးပေါ် ဖြေရှင်းရန် လိုအပ်နေပြီး လတ်တလောတွင် တာဝန်ရှိသူများက အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။

.

#KBZTai #Shan #News #SuHlaing

Journal Download

Photo of three cats