နမ့်ဆန်မြို့နယ်တွင် လက်နက်ကြီးကျည်ဆန်ကို ထုကြည့်ရာမှ ပေါက်ကွဲ၍ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

နမ့်ဆန်မြို့နယ်တွင် လက်နက်ကြီးကျည်ဆန်ကို ထုကြည့်ရာမှ ပေါက်ကွဲ၍ ၂ ဦး ဒဏ်ရာရ

ကိုအောင်မိုး (ရွှေဖီမြေ)

.

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကောင်းကလောကျေးရွာအုပ်စု၊ ငေါ့စဗွိကျေးရွာတွင် အောက်တို ဘာလ ၈ ရက်၊ နေ့လယ်ပိုင်းက လက်ဖက်ခြံအတွင်း ကောက်ရသည့် လက်နက်ကြီးကျည်ဆန်ကို ထုကြည့်ရာမှ ပေါက်ကွဲ၍ ရွာသားတစ်ဦးနှင့် ကိုရင်လေး တစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.


.

ငေါ့စဗွိကျေးရွာနေ မောင်အိုက်နေ သည် အောက်တိုဘာလ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်က ကျေးရွာအနောက်ဘက်ရှိ ၎င်း၏လက်ဖက်ခြံအတွင်း ခြံသန့်ရှင်းရေးဆောင်ရွက်နေစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန် ၁ လုံး ကောက်ရ၍ နေအိမ်သို့ ယူဆောင်သွားခဲ့ပြီးနောက် ထုကြည့်မိရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မောင်အိုက်နေတွင် မျက်နှာတစ်ခုလုံး ကျည်စထိမှန် ဒဏ်ရာ၊ ဝဲဘက် လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာဘက်လက်ချောင်း ကျည်စထိမှန် ဒဏ်ရာ၊ ယာဘက် ခြေသလုံး ထိခိုက်ဒဏ်ရာနှင့် ၎င်း အနီးတွင်ရှိနေသည့် ကိုရင်လေး (မောင်အိုက်အောင်)တွင်လည်း မျက်နှာ ကျည်စထိမှန်ဒဏ်ရာ၊ ဒူးခေါင်းကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

ဒဏ်ရာရရှိခဲ့သည့် မောင်အိုက်နေနှင့် ကိုရင်လေး (မောင်အိုက်အောင်) တို့အား ကျေးရွာတာဝန်ခံ ဦးအိုက်ခွန်နှင့် ကျေးရွာသားများက ယနေ့ အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငေါ့စဗွိကျေးရွာမှ ပန်စရီကျေးရွာ အထိ ၃ နာရီကြာ ထမ်းစင်ဖြင့် ပို့ဆောင်ခဲ့ပြီး ပန်စရီ ကျောင်းထိုင်ဆရာတော်၏ ကားဖြင့် နမ့်ဆန်မြို့ နယ် ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ညနေ ၃ နာရီတွင် နမ့်ဆန်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အတွက် လားရှိုးပြည်သူ့ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ ငေါ့စဗွိကျေးရွာအနီးတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယမန်နှစ်က လက်နက်ကြီး ကျည်နှင့် စစ်ကျန်လက်နက်ပစ္စည်းများ ကောက်တွေ့မှုများ ရှိခဲ့ကာ အန္တရာယ်ဖြစ်မည်စိုးသည့်အတွက် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရဖူးကြောင်း ငေါ့စဗွိကျေးရွာတာဝန်ခံ ဦးအိုက်လွတ်ထံက သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About