မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်အတွင်း
တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့များအကြား
တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနေသည့်အတွက် ယနေ့ အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းတွင်
တိုက်ပွဲရှောင်ဦးရေ ၁၄၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း အဆိုပါ တိုက်ပွဲရှောင်များအား
ရိက္ခာအထောက်အပံ့များ သွားရောက်ကူညီပေးနေသည့် လူမှုကူညီရေးအသင်းများထံက သိရသည်။
.
.
“တိုက်ပွဲကြားက သွားရတာပါ။
အခု (အောက်တိုဘာ ၈ ရက်၊ နံနက် ၉ နာရီ) လည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရွာသူ/ ရွာသားတွေလည်း
တိုက်ပွဲလွတ်တဲ့ အနီးအနား ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံနေကြရတာ။ ကြောက်လန့်ပြီး
အခက် အခဲတွေ အများကြီး ကြုံနေရပြီ။ အခု ၁၄၀၀ ကျော်သွားပြီ” ဟု နောင်ပိန်အခြေစိုက် ကမ်းလင့်လက်များ
လူမှုကူညီရေး အသင်းမှ ဦးနေအောင်က ပြောသည်။
.
ကျောက်မဲမြို့နယ်၏
တောင်ဘက်နှင့် အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ကျေးရွာများတွင် အောက်တိုဘာလ ၃ ရက်၊
မွန်းလွဲပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် RCSS တပ်ဖွဲ့များ၏ တိုက်ပွဲသည် ယနေ့ အောက်တို
ဘာလ ၈ ရက်၊ နံနက်ပိုင်းအထိ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် တောင်ထိပ်နှင့် ပုံပိုးကျေးရွာ
ဘုန်းတော်ကြီးကျောင်းများတွင် မူလက တိုက်ပွဲရှောင် ၇၀၀ ကျော်သာ ရှိနေရာမှ အောက်တိုဘာလ
၇ ရက်၌ ကွမ်ဟင်ဘုန်းတော်ကြီးကျောင်းသို့ ၂၀၀ ကျော်၊ နားဆောင်းဘုန်းကြီးကျောင်းသို့
၁၀၀ ကျော်နှင့် ကောင်းလမ်း ဘုန်းကြီးကျောင်းသို့ ၃၀၀ ကျော် ထပ်မံရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါစစ်ရှောင်စခန်းများသို့
အလှူရှင်များက လှူဒါန်းသည့် စားနပ်ရိက္ခာများကို လူမှုရေးအသင်းများမှ သွားရောက်
ကူညီပို့ဆောင်လျက်ရှိရာ သီပေါမြို့မှ နယ်စည်းမခြားပရဟိတအသင်း၊ သီပေါလူငယ်၊ ကောင်းမှုရှင်၊ အကျိုးဆောင် လူငယ်
လူမှုကူညီရေးအသင်းများ၊ ကျောက်မဲမြို့မှ 5 starCovid သံသယလူနာသယ်ဆောင်ရေးအဖွဲ့၊ လားရှိုးမြို့မှ
ကမ်းလင့်လက်များ ဆုံဆည်းရာ သွေးနှင့်အောက်ဆီဂျင်ကူညီရေးပရဟိတအသင်းနှင့်
နောင်ပိန်မြို့မှ ကမ်းလင့် လက်များ လူမှုကူညီရေးအသင်း၊ စေတနာရှင်အဖွဲ့တို့မှ ကား
၁၁ စီးဖြင့် သွားရောက်ကူညီပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
.
“တိုက်ပွဲက အိမ်ကနေသွားရင်
၁၀ မိနစ်လောက်ပဲဝေးတဲ့ မြို့ပြင် နေရာတွေကနေ မိုင် ၃၀ ဝန်းကျင်အထိ ဖြစ်လာ နေတယ်။ ပုံစံကလည်း
ရက်ကြာမယ့်သဘော ဖြစ်နေတယ်။ ရွေးကောက်ပွဲကလည်း နီးလာပြီ။ ကိုယ်စားလှယ်လောင်း တွေလည်း
အဲဒီဘက် စည်းရုံးရေးဆင်းဖို့ မလွယ်တော့ဘူး။ ရွာသူရွာသားတွေလည်း အဲဒီဘက် မဲရုံတွေမှာ
မဲပေးဖို့ ခက်ခဲလာနေပြီ။ သူတို့ မဲပေးချင်စိတ်လည်း လျော့ကုန်ကြမှာ မလွဲဘူး။ ဘယ်ပါတီ၊
ဘယ်သူ့ကို မဲပေးပေး တိုက်ပွဲ တွေကို မတားနိုင်ဘူးလို့ ယူဆပြီး မဲပေးဖို့ အားထုတ်ကြမှာ
မဟုတ်ဘူး။ ဒီတော့ ရွေးကောက်ပွဲကို ထိခိုက်မှာ သေချာ နေပြီ” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင်
တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်မောင်သိန်းက ၎င်း၏အမြင်ကို
ပြောသည်။
.
လတ်တလော ဖြစ်ပွားနေသည့်
တိုက်ပွဲများမှာ ကျောက်မဲမြို့၏ တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ ခန့်ခဲ၊ ပုံဝိုး၊ ကွမ်ဟင်၊
တောင်ထိပ်၊ နားဆောင်၊ ကောင်းလမ်း စသည့် ကျေးရွာများအနီးတွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်သည်
ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပထမဦးဆုံး လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များအနက် တစ်ဖွဲ့
အပါအဝင်ဖြစ်ပြီး လက်ရှိတွင် NCA စာချုပ် လက်မှတ်ရေးထိုးမှု ၅
နှစ် ပြည့်မြောက်တော့မည်လည်း ဖြစ်သည်။
.
No comments:
Post a Comment