စိုင်းသိင်္ခသူ
.
ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ - မိုင်းခုတ်သွား ကားလမ်းတွင်
အောက်တိုဘာ ၂ ရက် ၊ နံနက်ပိုင်းက တရားမဝင် ထင်းရှုးခွဲသားများ တင်ဆောင်လာသည့်
မော်တော်ယာဉ် တစ်စီးကို
သယ်ဆောင်သူများနှင့်အတူ သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ အောက်တိုဘာလ ၂ ရက်၊ နံနက် ၃ နာရီကျော်ခန့်တွင် ကျိုင်းတုံ-မိုင်းခုတ်သွား
ကားလမ်း၊ ဂျိုးဖြူကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် မိုင်းတုံမြို့၊ နောင်ပါရင် ရပ်ကွက်နေ
နေလင်းထွန်း မောင်းနှင်ပြီး၊ ယာဉ်နောက်လိုက် မိုးဇော်ဌေး၊ ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊
ကျိုင်းကာရွာနေ မြတ်မင်းအောင်နှင့် သီမင်းဟန်တို့ လိုက်ပါလာပြီး ကျိုင်းတုံဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ထင်းရှူးခွဲသား ၃၉၆ ချောင်း (၂၀
ဒသမ ၉၄၀၆ တန်) ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သစ်များနှင့်အတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ သစ်တင်ရန် မော်တော်ယာဉ်ကို ငှားရမ်းခဲ့သူ ယာဉ်ပိုင်ရှင်မှာ တာချီလိတ်မြို့နေသူ ဦးစိုင်းဘုန်းနှင့် သစ်ပိုင်ရှင်ဖြစ်သူ ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဆန်းဦးတို့ကို သစ်တောဥပဒေပုဒ်မ ၄၂(က) ဖြင့် အရေးယူပေးရန် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ကျိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။