ကိုစိုး (ကမ္ဘောဇတိုင်း)
.
မဲဆန္ဒရှင် ပြည်သူများကို ကတိကဝတ်များပေးပြီး မလိမ်ညာလိုကြောင်း ရှမ်းပြည်နယ်လွှတ်တော်
ကချင်တိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်လောင်း၊ လက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်က ပြောဆိုခဲ့သည်။
.
“နိုင်ငံရေးသမား ဆိုတာကတော့ ဘာတွေ လုပ်ပေးမယ် ဆိုပြီး ပြောကြတာပဲ။ နောက်ဆုံးတော့
လုပ်မပေးတဲ့သူက အများကြီးပဲ။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ သက်တမ်း ၂ ခုမှာလည်း အဲဒီလို
မဲ မဆွယ် ခဲ့ဘူး။ လုပ်ပေးနိုင်တာ လုပ်ပေး တယ်။ မလုပ်ပေးနိုင်တာ ပွင့်ပွင့်လင်းလင်းပဲ
မလုပ်ပေးနိုင်ဘူး ပြောတယ်။ ကိုယ့်လူမျိုး မဲဆန္ဒရှင်ပြည်သူတွေကို ကျွန်တော် မညာချင်ဘူး”
ဟု ဦးဇုတ်ဒေါင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဦးဇုတ်ဒေါင်သည် ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း
ရှမ်းပြည်နယ် လွှတ်တော် ကချင်တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်နေရာကို ၂ ကြိမ်
ဆက်တိုက် ယှဉ်ပြိုင်အနိုင်ရရှိကာ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတာဝန်ကို ထမ်းဆောင်နေခြင်း
ဖြစ်သည်။
.
၎င်းအနေဖြင့် ကချင်လူမျိုးများ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကို နားလည်သဘောပေါက်
လေးစားပြီး ထိန်းသိမ်း နိုင်ရန်၊ တန်းတူညီမျှရေး ဆောင်ရွက်ပေးနိုင်ရန်၊ မူးယစ်ဆေးဝါး
ပပျောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိရေး ဆောင်ရွက်ရန်၊
ကချင်မျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးကို ဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သိရသည်။
.
ပြီးခဲ့သည့် ပထမအကြိမ် သက်တမ်းအတွင်းက တိုင်းရင်းသားရေးရာဝန်ကြီးများကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဌာန
ဝန်ကြီးများထက် တစ်ဆင့်နိမ့်ပြီး ချီးမြှင့်ငွေ၊ အဆောင်အယောင်၊ အဆင့်အတန်း အားလုံး
လျှော့ချထား ခဲ့သည့်အတွက် ၎င်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးဇောအေးမောင် တို့ ၂ ဦးက ဥပဒေဆိုင်ရာ ခုံရုံးအထိ တက်ရောက်တောင်းဆိုခဲ့ရဖူးသည်ဟု သိရသည်။
.
“နည်းဥပဒေတောင် ၂ မျိုး ခွဲထားတယ်။ တိုင်းရင်းသားဝန်ကြီးတွေကို တစ်ဆင့်နိမ့်
လုပ်ထားတယ်။ ချီးမြှင့် ငွေလည်း လျော့တယ်။ အဆောင်အယောင် အားလုံးလည်း လျော့တယ်။ ပြီးတော့
ကျွန်တော်တို့ တိုင်းရင်းသားရေးရာဝန်ကြီး တွေကို အိမ်မပေးဘူး။ ရုံးမပေးဘူး။ ကက်ဘိနက်
တက်ခွင့်မပေးဘူး။ အဲဒါက အနစ်နာဆုံးပဲ။ အိမ်မပေးတာက ကိစ္စ မရှိဘူး။ ကိုယ့်ဘာသာကိုယ်
ငှားနေလို့ရတယ်။ ရုံးမပေးတာနဲ့ ကက်ဘိနက် မတက်ခိုင်းတာ အဆိုးဆုံးပေါ့။ ရုံးမရှိရင် ကိုယ့်လူမျိုးတွေ
ကိုယ့်ကို ဘယ်မှာ လာရှာမလဲ။ ကက်ဘိနက် တက်ခွင့်မရှိရင် ကိုယ့်လူမျိုး အရေးအရာကို ဘယ်မှာ
သွားတင်ပြရမလဲ။ ဒါကြောင့် အရင် ရန်ကုန်တိုင်းက ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်နဲ့ ကျွန်တော်
ဥပဒေခုံရုံးအထိ တက်ခဲ့ကြတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာမှ ကျွန်တော်တို့က ဒီအခွင့်အရေး
ရလာတာပါ” ဟု ဦးဇုတ်ဒေါင်က ပြောသည်။
.
တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ
ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(ဂ)၌ ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှ အပ
ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သော လူဦးရေ ဖြစ်သည့်
နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း
သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုးတစ်မျိုးလျှင်
တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရမည်
ဟု ပြဌာန်းဖော်ပြထားသည်။
.