မိုင်းထွန်း
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရ
ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
.
.နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အနေဖြင့် နမ္မတူမြို့နယ်အတွင်းရှိ နမ့်မျှော်-လုပ်လေ မြို့နယ်ချင်းဆက်
မြေသားလမ်းအရှည် ၈ မိုင် ၄ ဖာလုံ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ပြည်နယ်အစိုးရ၏
ခွင့်ပြုရန်ပုံငွေကျပ် ၁၄၄ ဒသမ ၅၈၄ သန်းဖြင့် လမ်းအရှည် ၄ မိုင်၊ ၄ ဖာလုံ နှင့်
အဆိုပါလမ်းပိုင်းရှိ ၃ ပေ ကွန်ကရစ် ရေပြွန် ၂၅ စင်းကိုလည်းကောင်း၊ ၂၀၁၉- ၂၀၂၀
ဘဏ္ဍာနှစ်တွင် ကျန်ရှိ လမ်းပိုင်း ၄ မိုင်နှင့် အဆိုပါလမ်းပိုင်းရှိ ၁၅
ပေကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၁ စင်းတို့ကို ပြည်နယ်အစိုးရ
ရန်ပုံငွေ ကျပ် ၁၈၈ ဒသမ ၅၇၉ သန်းဖြင့် လည်းကောင်း ဖောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အလားတူ နမ္မတူမြို့နယ်အတွင်းရှိ နောင်အော-နားငူး-နမ့်ပိုင်- ပိန်းထွမ်း-
နားကွန် ကျေးရွာအုပ်စုချင်းဆက် မြေသားလမ်း ၇ မိုင်ကိုလည်း ၂၀၁၈-၂၀၁၉ နှစ်တွင်
ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၆ ဒသမ ၄၅ သန်းဖြင့် လမ်းအရှည် ၅ မိုင်
ဖောက်လုပ်ခဲ့ပြီး ကျန်လမ်းပိုင်း ၂ မိုင်နှင့် အဆိုပါလမ်းပိုင်း၌ ၁၅ ပေ ကွန်ကရစ်
တံတား ၁ စင်းနှင့် Box Culvert ၁ စင်းကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၈ ဒသမ ၉၁၅
သန်းဖြင့် အပြီးသတ်ဖောက်လုပ် တည်ဆောက် ပြီးစီး ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
.
အဆိုပါ လမ်း ၂ လမ်းနှင့် ဆက်စပ်လုပ်ငန်းများကို သတ်မှတ် ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ပြီးစီး
ခဲ့သည့်အတွက် ယင်းဒေသတွင်း လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေချောမွေ့လာမည်ဖြစ်ကာ
ဒေသခံလူထုများ၏ ပညာရေး၊ ကျန်းမာရေးနှင့်
လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေး
ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင်လည်း
ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်
နမ္မတူမြို့နယ်၊ နမ့်တော်ကုန်း-ကောင်းဝိန်း လမ်း ၁ မိုင် ၆ ဖာလုံ
ကျောက်ခင်းခြင်းလုပ်ငန်း၊ ချောင်းဆာကျေးရွာအုပ်စု၊ ညောင်ပန်လှကျေးရွာ အတွက်
ဆိုလာမီး ၄၁ စုံ တပ်ဆင်ခြင်းနှင့် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် နမ္မတူ -
မန်စံလမ်းမှ မန်ဝါကျေးရွာ ချင်းဆက်လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း
လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.