ခွန်အောင်(နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ တန် ၂၀၀၀ ဆံ့ အာလူးအအေးခန်းကို Naungtayar Potato Group Co.Ltd က တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အာလူးအအေးခန်း တည်ဆောက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ နောင်တရားအာလူး အစုအဖွဲ့ဥက္ကဌ ဦးခွန်ဆန်းဦးနှင့် အာလူးစိုက် တောင်သူများက ယနေ့ အောက်တိုဘာလ ၃၁ ရက်၊ နံနက်ပိုင်းတွင် ဥထုတိုင်အား အမွေးနံ့သာများ၊ မင်္ဂလာရေများ ပက်ဖျန်း၍ စိုက်ထူခဲ့ကြောင်းသိရသည်။
.
ဒေသတွင်း ထွက်ရှိသည့် အာလူးအား ဈေးကွက်သို့ မတင်ပို့မီ တောင်သူများ လက်ဝယ်တွင် ထိန်းသိမ်း ထားနိုင်စေရန်နှင့် မျိုးအာလူးကို ထိန်းသိမ်းနိုင်စေရန် အတွက် တန် ၂၀၀၀ ဆန့် အာလူး အအေးခန်းကို အာလူးစိုက် တောင်သူများ၊ လုပ်ငန်းရှင်များ၏ စုပေါင်း ထည့်ဝင်ငွေဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ခန့် အကုန်ကျခံ၍ အများပိုင်အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
.
နောင်တရားဒေသသည် မြန်မာနိုင်ငံတွင် အာလူးအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး အဆိုပါ အာလူးအအေးခန်း တည်ဆောက် ပြီးစီးပါက အာလူးစိုက် တောင်သူများ ဈေးကွက်ပုံမှန် ရရှိကာ မျိုးအာလူးကို ကြာရှည် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
.