ဆိုင်းနှောင်
.
လာမည့် ရွေးကောက်ပွဲတွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လက်ရှိ အချိန်တွင်
အင်းအမျိုးသား အဖွဲ့ချုပ်ပါတီအား အင်းလူထု တစ်ရပ်လုံးက ထောက်ခံ အားပေးသည်ကို
မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်မိကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်မှ
အင်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့်
ဒေါ်တင်တင်ရီက ပြောဆိုခဲ့သည်။
.
.“ကျွန်မတို့ပါတီ အနေနဲ့ ပါတီအသစ်လည်းဖြစ်တယ်။ သက်တမ်း ၁၀ လပဲ ရှိသေးတယ်။
ဒါပေမဲ့ အင်းလူထုနဲ့ လူငယ်တွေ အဲဒီလောက် ပါဝင်လာလိမ့်မယ်လို့ မထင်ထားဘူး။
မဲနိုင်တာ၊ ရှုံးတာထက် အင်းလူထုတစ်ရပ်လုံး ထောက်ခံကြတာ အရမ်းဝမ်းသာတာပေါ့။
အင်းသားတွေရဲ့ စည်းကမ်းရှိမှု၊ သိက္ခာရှိမှုကို ပြလိုက်တဲ့ပွဲ ဖြစ်တော့ အရမ်း
ကျေနပ်မိတယ်။ ရွေးကောက်ပွဲရလဒ်ထက် မျိုးချစ်စိတ် ရှိတဲ့ အင်းလူငယ်တွေ
ပေါ်ထွက်လာတော့ ဝမ်းသာတာပေါ့” ဟု
ဒေါ်တင်တင်ရီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အင်းတိုင်းရင်းသားများ၏ အရေးကိစ္စများတွင် မားမားမတ်မတ် ရပ်တည်ပေးမည့်
အင်းတိုင်းရင်းသား ကိုယ်စားပြု ပါတီ ရှိရန် လိုအပ်ပြီး ပါတီကြီးများအပေါ်
မှီခိုမှုမရှိဘဲ အင်းတိုင်းရင်းသားများ အရေးနှင့် အင်းလေးကန် စိမ်းလမ်းရေးအတွက်
လွတ်လပ်စွာ လုပ်ကိုင်လိုသောကြောင့် အင်းအမျိုးသားအဖွဲ့ချုပ် ပါတီမှ
အင်းတိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး
အင်းလေးကန်ပရဟိတ လုပ်ငန်းများကို ၁၀ နှစ်ကျော် လုပ်ကိုင်လျက်ရှိကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။
.
“ဝန်ကြီး ဖြစ်/မဖြစ် ကတော့ အင်းလူထုအပေါ် မူတည်တာပေါ့။ ဆယ်စုနှစ် တစ်ခုလုံးက
အင်းလေးကန် အတွက် ကျွန်မ တစ်ပိုင်တစ်နိုင် အိတ်စိုက်ပြီး လုပ်ခဲ့တယ်။
အင်းတိုင်းရင်းသားကိုယ်စားလှယ် ဖြစ်ရင်တော့ အင်းလူထုအတွက် တစ်ပိုင်တစ်နိုင်
စီးပွားရေးလုပ်နိုင်ဖို့ စက်မှုလက်မှုသင်တန်းတွေ ဖွင့်မယ်။ အင်းလူမျိုးတွေ တစ်ခုခု
ဖြစ်ရင် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမယ့် ကိုယ်စားလှယ်ဖြစ်စေရမယ်” ဟု
ဒေါ်တင်တင်ရီ က ပြောသည်။
.
အင်းတိုင်းသား အဖွဲ့ချုပ်ပါတီသည် တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်များတွင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄
နေရာနှင့် ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးရေးရာကိုယ်စားလှယ် ၁ နေရာ၊
စုစုပေါင်း ၅ နေရာတို့၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း
သိရသည်။
.
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲများတွင်
ညောင်ရွှေ မြို့နယ် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂
နေရာနှင့် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး နေရာများ အားလုံးကို အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားခြင်း ဖြစ်သည်။
.