ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့
ပတ်ဝန်းကျင်ဒေသတွင် လယ်ယာလုပ်သား ရှားပါး လာမှုကြောင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့်
စက်မှုလယ်ယာစနစ်သို့ စတင်ပြောင်းလဲကျင့်သုံးလျက်ရှိကြောင်း သိရသည်။
.
.
နောင်တရားဒေသပတ်ဝန်းကျင်တွင် အာလူး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊ ဥယျာဉ်ခြံနှင့် အခြားသီးနှံများကို
စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာတွင် လုပ်သားရှားပါးခြင်းနှင့် လယ်ယာလုပ်သားခ ကြီးမားခြင်းတို့ကြောင့်
အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း တောင်သူများထံက သိရသည်။
.
“အားလူးစိုက်ချိန်ဆို လူငှားခေါ်ရတာ အရမ်းခက်တယ်။ ပြီးတော့ လူငှားတစ်ဦးကို
တစ်ရက် ၅၀၀၀ ပေးရတယ်။ ဒါတောင် ခေါ်လို့မရဘူး။ အခုအာလူးစိုက်ချိန်၊ အာလူးမြေဖို့ချိန်ဆို
စက်လေးနဲ့ပဲ လုပ်တော့တယ်။ အတော်အဆင်ပြေ တယ်။ လယ်ယာလုပ်သားကုန်ကျစရိတ်လည်း အရမ်းသက်သာတယ်”
ဟု နောင်တရားမြို့၊ ကျောင်းကုန်းကျေးရွာနေ ခွန်ကျော်စိန်က ပြောသည်။
.
ယခုအခါ စိုက်ပျိုးရေးတောင်သူများအနေဖြင့် လယ်ထွန်ခြင်း၊ ပေါင်းရှင်းခြင်း၊
ဆေးဖြန်းခြင်းနှင့် အခြား စိုက်ပျိုးရေး လုပ်ငန်းများကို စက်ကြီးများ၊ စက်ငယ်များဖြင့်သာ
လုပ်ကိုင်လျက်ရှိပြီး ယင်းကဲ့သို့ စက်မှုလယ်ယာစနစ် ပြောင်းလဲကျင့်သုံးခြင်းကြောင့်
လယ်ယာလုပ်သားခများ ပိုမိုသက်သာလျက်ရှိကြောင်း သိရသည်။
.
နောင်တရားဒေသပတ်ဝန်းကျင်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည့်
စိုက်ပျိုးမြေဧကပေါင်း ၄၀၀၀၀ ကျော်ခန့်ရှိကြောင်း နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ
သိရသည်။
.
No comments:
Post a Comment