မိုင်းပန်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ကြေးများ ကွင်းဆင်းပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 5, 2020

မိုင်းပန်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ကြေးများ ကွင်းဆင်းပေးအပ်

မင်းဇော်မင်း

.

လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့ အောက်တိုဘာလ ၅ ရက်က တာဝန်ရှိသူများမှ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများမှ ယခင်က ထောက်ပံ့ပေးအပ်ခဲ့သည့် မသန်စွမ်းသူစာရင်းမှ မပါဝင်၍ ထပ်တိုးစာရင်းအရ မြို့ပေါ် ၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၉ အုပ်စုအတွင်းရှိ မသန်စွမ်းသူ ၈၉ ဦးတို့အား နိုင်ငံတော်မှထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၂၆၇၀၀၀၀ အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

“ပထမအသုတ်က ၈၈ ဦး၊ အခုက ၈၉ ဦးပါ။ အော်တစ်ဇင်နဲ့ ပိုလီယိုဖြစ်နေသူတွေ မသန်စွမ်းသူတွေအနေနဲ့ လိုရာ သုံးနိုင်ဖို့ အထောက်အပံ့ရကြတော့ ဝမ်းသာနေကြတာကို ပီတိဖြစ်ရပါတယ်” ဟု မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြောသည်။

.

ထောက်ပံ့ငွေများကို မိုင်းပန်မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ဖြစ်သည့် အရှေ့ရပ်ကွက်၊ အလယ်ရပ်ကွက်၊ အနောက် ရပ်ကွက်များမှ မသန်စွမ်းသူ ၃၄ ဦး၊ အရှေ့၊ ကုန်းကျိုင်း၊ ဝိုးလိုင်း၊ နောင်ဟီး၊ နောင်ယင်း၊ နောင်လွန်း၊ နားမွန်၊ နမ့်တိန်း၊ နားလော၊ ဆားဝါး ကျေးရွာ အုပ်စုများမှ မသန်စွမ်းသူ ၅၅ ဦး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာရင်းများအရ ကိုယ်အင်္ဂါမသန်စွမ်း ၃၉ ဦး၊ ဉာဏ်ရည် မသန်စွမ်း ၁၀ ဦး၊ ဆွံ့အ ၁၇ ဦး၊ နားမကြား ၁၄ ဦး၊ မျက်မမြင် ၅ ဦး၊ ပိုလီယို ၃ ဦး၊ ခြေထောက်မသန်စွမ်း ၁ ဦး တို့ ပါဝင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About