စုလှိုင်
.
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအနီးတွင် တည်ဆောက်လျက်ရှိသော
အားကစားနည်းမျိုးစုံ ကစားနိုင်သည့် အားကစားရင်ပြင် တည်ဆောက်မှု ပြီးစီးပြီဖြစ်ပြီး
အများပြည်သူများ လွတ်လပ်စွာ ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ အားကစားရင်ပြင်ကို ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်
ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကုန်ကျစရိတ်ကတော့ ၁၉၅ ဒသမ ၉၃၅ သန်း လောက် ရှိပါတယ်။ တင်ဒါဆိုတော့
နည်းနည်း ပြန်လျော့တာပေါ့။ ဖွင့်ပွဲတော့ သီးသန့်မလုပ်တော့ဘူး။ ပြီးတာနဲ့ လာကစားနေကြတော့
ခွင့်ပြုပေးထားတယ်။ စဖော်ဆောင်ကတည်းက ပြည်သူ့အားကစားရင်ပြင် လုပ်တာဆိုတော့ လွတ်လွတ်လပ်လပ်
ကစားလို့ရပါတယ်။ အများပြည်သူ အားကစား လေ့ကျင့်ခန်း လုပ်ဖို့ပါ” ဟု ရှမ်းပြည်နယ်အားကစားနှင့်
ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့တွင် အရန်အားကစားကွင်း၊ ဘောလုံးကွင်း နည်းပါးသည့်အတွက်
ယင်းကဲ့သို့ အားကစားရင်ပြင်ကို တည်ဆောက်ရခြင်းဖြစ်ပြီး မြေအနေအထားအရ ဘောလုံးကွင်း ၁
ကွင်း၊ ဘတ်စကက်ဘောကွင်း ၂ ကွင်း၊ ဘော်လီဘောကွင်း ၂ ကွင်း၊ ခြင်းလုံးကွင်း ၁ ကွင်း၊
ပိုက်ကျော်ခြင်းကွင်း ၃ ကွင်း ဖော်ဆောင်ပေးထားကာ အားကစားနည်း စုံစုံလင်လင် ကစားနိုင်ရန်
ကစားကွင်းပေါင်းစုံ ပြုလုပ်ထားပေးခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ထို့အပြင် Outdoor စနစ်ဖြင့် ကျန်းမာရေး အားကစားလေ့ကျင့်ခန်းပြုလုပ်နိုင်ရန်
စက်များ တပ်ဆင်ပေးသွားမည် ဖြစ်ပြီး လာရောက်ကစားသူများ သက်သောင့်သက်သာ ဖြစ်စေရန်အတွက်
အရိပ်ရပင်များ စိုက်ပျိုးပေးသွားမည် ဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ကစားနိုင်ကြောင်း
သိရသည်။
.
“ပြည်သူတွေအတွက် အနည်းဆုံး ကစားဖို့ နေရာ ဖန်တီးပေးနိုင်တယ်။ ဒီနေရာကလည်း
ယာဥ်အန္တရာယ် အစ အကုန်လုံး ကင်းရှင်းတယ်။ လူအများ အလွယ်တကူ လာနိုင်တယ်။ လူအများကြီး
ကစားနိုင်မယ်။ ကျန်းမာရေး လှုပ်ရှားမှုတွေ များလာမယ်ဆိုရင် ပြည်နယ်မှာရှိတဲ့သူတွေ ကျန်းမာကြံခိုင်ဖို့အတွက်
အထောက်အကူ ဖြစ်ပါမယ်” ဟု ဦးကျော်ကျော်သိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လက်ရှိတွင် COVID-19 ရောဂါ ကူးစက်မှု မရှိစေရန်အတွက် အားကစားကွင်းအတွင်းသို့
လာရောက်ကစားပါက Social Distancing နှင့်အညီ လာရောက်ကစားကြရန် လိုအပ်မည်ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment