ဒေါ်နန်းဝါနုနှင့် ​မေးမြန်းခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 29, 2020

ဒေါ်နန်းဝါနုနှင့် ​မေးမြန်းခြင်း

အမျိုးသမီး ကိုယ်စားလှယ်လောင်းများအတွက် ဒို့အသံတွေနဲ့ ပံ့ပိုးကူညီမယ့်  ၂၀၂၀ အစီအစဥ်မှ ဒေါ်နန်းဝါနုအား လွှတ်တော်ကိုယ်စားလှယ်လောင်း အတွေ့အကြုံများကို မေးမြန်းထားခြင်း ဖြစ်ကာ ဒေါ်နန်းဝါနုသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပြီး ယခုအချိန်တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းကို တည်ထောင်ကာ နိုင်ငံရေး အကျိုးပြုသင်တန်းများ ဖွင့်လှစ်လျက် ရှိသည်။

.

မေး- ပြည်သူ့လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံ လေးတွေ သိချင်ပါတယ်။

.

ဖြေ - ပြည်သူ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်က အမျိုးသမီးကိုယ်စားလှယ်က တော်တော်လေးကို နည်းတယ်။ တိုင်းရင်းသားပါတီထဲမှာဆိုရင် အမျိုးသမီးကိုယ်စားလှယ်က တစ်ဦးချင်းစီလောက်ပဲ ပါလာတယ်။ ကျွန်မတို့က အမျိုးသမီးတွေဆိုပေမယ့် ရှမ်းရယ်၊ ရခိုင်ရယ်၊ ချင်းရယ်၊ မွန်ရယ်၊ ကရင်ရယ်က အမျိုးသမီး ကိုယ်စားလှယ်တွေက တအားကိုစည်းလုံးကြတယ်၊ စိတ်ဓာတ်ကျရင်လည်း စိတ်ဓာတ်မြှင့်တင်ရေးတွေ အတူတူ လက်တွဲပြီးဖြေရှင်းကြတယ်။ အမျိုးသမီးတွေရဲ့ကဏ္ဍကို မြှင့်တင်အောင် စွမ်းဆောင်ခဲ့ကြတယ်။ အကုန်လုံးပူး ပေါင်းပြီး အမျိုးသမီးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းခဲ့တာရှိတယ်။ အမျိုးသမီး အခွင့်အရေး တွေကိုလည်းလွှတ်တော်မှာ တောင်းဆိုခဲ့တာရှိတယ်။ အမျိုးသမီးအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဉပဒေတွေကိုလည်း ကျွန်မတို့ဆွေးနွေးခဲ့ကြပါတယ်။

.

မေး - အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ယူစဉ်က လွှတ်တော်မှာ ဆွေးနွေးမေးမြန်း တဲ့အခါ ဘယ်လိုအခက်ခဲတွေရှိမလဲ။

.

ဖြေ - လွှတ်တော်အတွင်း ဆွေးနွေးတဲ့အခါ ဥပဒေဆွေးနွေးတဲ့နေရာမှာ၊ ဖွံ့ဖြိုးရေးကိစ္စဆွေးနွေးတဲ့နေရာမှာ သိပ်အခက် အခဲမတွေ့ဘူး။  ဒါပေမယ့် အမျိုးသမီးအခွင့်အရေးတောင်းဆိုတဲ့နေရာမှာ အမျိုးသမီးတွေ အကြမ်းဖက်မခံရဖို့ အတွက် အဆိုတွေ မေးခွန်းတွေ မေးတဲ့အခါမှာဆိုရင်တော့ ခွဲခြားတယ်ဆိုတဲ့ စိတ်ခံစားမှု ခံစားရတယ်။ အဲဒီအဆိုတွေ မေးခွန်းတွေ အောင်သွားတယ်ဆိုတာလည်း မရှိဘူး။ ဒါက တစ်ဖက်သက်ဖြစ်တယ်ဆိုတဲ့ ခံစား ချက်ကို ခံစားရတယ်။ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေး ဥပဒေဆိုရင် ၂၀၁၃ လောက်ကတည်းက တင်ခဲ့တယ်။ အကြိမ်ကြိမ်တင်ခဲ့တယ် အကြိမ်ကြိမ်ပြောတယ်၊ ဒါပေမယ့်မေးခွန်းကလည်း အောင်သွားခဲ့တယ် ဆိုတာ မရှိခဲ့ဘူး။လွှတ်တော်ကာလ ၂၀၁၅ ပြီးသွားတဲ့ အချိန်အထိ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဆိုတာ မထွက်လာခဲ့ဘူး။ ဥပဒေကြမ်းကပြီးသွားပြီ ဘယ်ဌာနမှာ ရှိနေပါတယ်ဆိုပေမယ့်လည်း ဥပေဒေ တစ်ရပ်အဖြစ် ထွက်လာနိုင်တဲ့ အနေအထားမရှိဘူး။

.

 


.

မေး -  အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် ခွဲခြားဆက်ဆံခံ ရမှုတွေ ရှိပါသလား ။ ရှိခဲ့ပါက ဘယ်လိုမျိုးခွဲခြားဆက်ဆံခံရတာလဲဆိုတာ သိချင်ပါတယ်။

.

ဖြေ - ရွေးကောက်ပွဲစဝင်စဉ်က ကွန်ဟိန်းမြို့မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်က တစ်ဦးပဲပါတယ်၊ မဲဆွယ် စည်းရုံးရေးအနေနဲ့ဆင်းရတယ် ။ မဲဆွယ်စည်းရုံးရေးစည်းရုံးတဲ့အခါ ပြည်သူလူထုတွေရော၊ ဌာနဆိုင်ရာတွေရော အထင်မကြီးကြဘူး။ အမျိုးသမီးတစ်ယောက် လုပ်နိုင်ပါ့မလားဆိုတဲ့ အမြင်လေးတွေရှိကြတယ်။ မဲဆွယ်စည်းရုံး ရေးသွားတဲ့အခါ တစ်ရွာဝင်တစ်ရွာထွက် သွားခဲ့ရတယ်။ အဲလိုသွားတဲ့အခါ အမျိုးသမီးအတွက်ဆိုပြီး သီးသန့်မရှိဘူး အမျိုးသားတွေနဲ့ အတူတူ ရင်ဘောင်တန်းပြီး အိပ်ရတာတွေရှိတယ်။ အဝတ်အစားလဲဖို့ အခက်ခဲ ရှိတဲ့အချိန်တွေလည်းရှိတယ်။ ဒါတွေက အမျိုးသမီး ကိုယ်စားလှယ်တွေအတွက် ခရီးသွားရာမှာ မလုံခြုံဘူးပေါ့။

.

မေး - ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်တွေအတွက် ဘယ်လို အကြံပြုချင်လဲ။

.

ဖြေ - ကျွန်မတို့အမျိုးသမီးတွေက နဂိုကတည်းက စွမ်းဆောင်ရည်ရှိပြီးသားဖြစ်တယ်။ ကျွန်မတို့ရဲ့ စွမ်းဆောင်ရည် တွေကို ကျွန်မတို့က ကိုယ်တိုင်ထိထိရောက်ရောက် ပြည်သူလူထုကို ပြပြီးတော့ အမျိုးသမီးထုအတွက်ရော ကျွန်မတို့ မြန်မာနိုင်ငံအတွက်ရော အကုန်အတူတူ ပူးပေါင်းဆောင်ရွက်ကြပါမယ်။ အားလုံးအောင်မြင်ကြပါ စေလို့ပြောချင်ပါတယ်။

.

မေး - တာဝန်ယူခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း မေးခွန်းပေါင်း ဘယ်လောက် မေးမြန်းခဲ့လဲ၊ ဘယ်လို မေးခွန်းတွေလဲ။

.

ဖြေ - မေးခွန်းတွေ အဆိုတွေ တော်တော်များများတင်သွင်းနိုင်ခဲ့တယ်။ကဏ္ဍစုံ ဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေအနေနဲ့ဆိုရင် ၂၀၁၂ နဲ့ ၂၀၁၈ အတွင်း ကျပ်သန်းပေါင်း ၃၃၉၅၅.၄၈၀၅ လောက်အထိ လုပ်ပေးနိုင်ခဲ့တယ်။ စုစုပေါင်းစီမံကိန်း ၂၈၈ ခု လုပ်ပေးနိုင်ခဲ့တယ်။ လွှတ်တော်တင်တဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် လွှတ်တော်မှာ မီးရဖို့တင်တယ်။ ကျွန်မတာဝန်ယူစဉ်ကာလမှာ မီးမလင်းဘူးဆိုရင် ကတိကဝတ်နေရာမှာ ကာလိမြို့ရဲ့ မီးလင်းရေး ဓာတ်အားခွဲရုံ တည်ဆောက်ရေးဆိုပြီးတော့ ကျွန်မလွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့တာတောင်မှ အစိုးရရဲ့ ကတိကဝတ် တွေ အကောင်အထည်ဖော်တဲ့ကိစ္စရပ်တွေမှာတွေ့ရတယ်။ ကျွန်မလုပ်ခဲ့တာ ၂၀၁၃ လောက်က လုပ်ခဲ့တယ် ဒါပေမယ့် အခုအချိန်အထိ လုပ်ပေးနေတယ်ဆိုတဲ့ ကိစ္စရပ်တွေကိုတွေ့ရတာ ဝမ်းသာရတယ်။

.

မေး - မိမိရဲ့ မဲဆန္ဒနယ်အတွက် မေးခဲ့တဲ့ မေးခွန်းတွေမှာ ဒေသခံတွေအတွက်အကျိုးသက်ရောက်မှုရှိခဲ့လား။

.

​ဖြေ - ငြိမ်းချမ်းရေးကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့ ကိစ္စ တွေထဲမှာဆိုရင် ပညာရေးပိုင်းက ၂၂ ရာခိုင်နှုန်းထိလုပ်ပေးနိုင်ခဲ့တယ် ။ လျှပ်စစ်နဲ့စွမ်းအင်ဆိုရင် ၁၃ ရာခိုင်နှုန်း အထိလုပ်ပေးနိုင်ခဲ့တယ်။ ဝန်ထမ်းရေးရာကဏ္ဍဆိုရင် ၁၅ ရာခိုင်နှုန်း အထိလုပ်ပေးနိုင်ခဲ့တယ်၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအတွက် ၅ ရာခိုင်နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုရင် ၄၅ ရာခိုင်နှုန်းလောက် လုပ်ပေးနိုင်ခဲ့တယ်။ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် တခြားမြို့နယ်ထက်စာရင် အများကြီးလုပ်ပေးနိုင်ခဲ့တယ် ဆိုတာလည်းတွေ့ ခဲ့တယ်။ လက်နက်ကိုင်တွေလည်း ပဋိပက္ခဖြစ်နေတဲ့အခြေအနေတွေမှာ မြို့တွင်းကို လက်နက်နဲ့ပစ်တဲ့ ကိစ္စတွေ ရှိခဲ့တယ်။ အဲဒီကိစ္စရပ်တွေမှာ  ပြည်သူလူထုတွေမထိခိုက်အောင် စစ်တပ်ကိုရွှေ့ပေးနိုင်ခဲ့တယ်။ စစ်တပ်သိမ်းမြေ တော်တော်များများကို ပြန်ပြီးရအောင်လုပ်ပေးနိုင်ခဲ့တယ်ဆိုတာလည်း အောင်မြင်မှုတစ်ခုပေါ့။ ဘာကြောင့် အောင်မြင်သလဲဆိုတော့ အမျိုးသမီးဆိုတဲ့ Soft Power ကို သုံးတဲ့အတွက်အောင်မြင်ခဲ့တာ။ စစ်တပ်သိမ်း‌မြေ နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနတို့ သွားရတယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေကို ကျွန်မတို့ဒေသအတွက် တောင်းဆိုခဲ့တယ်။ တောင်းဆိုတဲ့နေရာမှာ ဘာတွေ့သလဲဆိုတော့ အမျိုးသမီးတွေရဲ့ Power၊ အမျိုးသမီး ဖြစ်နေတော့ မတွေ့ဘူးလို့ပြောလို့လည်းမရတဲ့အချိန်မှာ ကျွန်မတို့ကို လက်ခံတွေ့ဆုံတယ် ကျွန်မတို့ပြောတဲ့ case တွေကို နားထောင်ပြီးတော့ ဖြေရှင်းတယ်။ အဲလိုမျိုးအတွက်ကြောင့် တပ်သိမ်းမြေတွေပြန်ရခဲ့တဲ့ အနေအထား တော့ရှိတယ်။

.

မေး - တိုင်းရင်းသားဒေသတွေမှာ မဲဆွယ်စည်းရုံးရေးက ဘယ်လိုအခက်ခဲတွေရှိနိုင်လဲ။

.

ဖြေ - အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးတွေမှာဆိုရင် ပံ့ပိုးတဲ့သူတွေမပါဘဲနဲ့ ကိုယ်ဒူးကိုယ်ချွန် သွားနေ ရတယ် လုပ်နေရတာတွေ တွေ့နေရတယ်။ အားလုံးလိုလိုကတော့ နွေးထွေးစွာကြိုဆိုကြတယ်ပေါ့နော်။ ဒါပေမယ့် မဲဆွယ်စည်းရုံးက ရေရှည်လုပ်ရတယ်ဆိုတဲ့ အနေအထားဆိုတော့ မိသားစုအရေးဆိုင်ရာမှာ ကိစ္စ အနည်းအကျဉ်းလေးရှိနိုင်တယ်။ သူ့ကိုနားလည်မပေးတဲ့ ပတ်ဝန်းကျင် အဲဒီကိစ္စလေးတွေကြားရတယ်။ ဖေ့ဘုတ်တို့ အင်တာနက်မှာဆိုရင် တော်တော်ဆိုးဆိုးဝါးဝါး ကြားရတယ်။ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အားမပေးတဲ့ပုံစံပြောကြတာ အမုန်းစကားပြောတာတို့ မြင်တွေ့နေရတယ်၊ အဲတာတွေမဖြစ်စေချင်ဘူး။ ကျွန်မတို့ အမျိုးသမီး တွေအနေနဲ့ဆိုရင် အမျိုးသမီး အခွင့်အရေးကိုဖော်ဆောင်မယ်၊ အမျိုးသမီးထုကိုကာကွယ်မယ်ဆိုတာ လုပ်ရင် သူတို့မှာလည်း လုပ်နိုင်တဲ့ စွမ်းရည်တွေအများကြီးရှိတယ်၊ အသိအမှတ်ပြုပြီးတော့ သူတို့ရဲ့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အထောက်ပံ့ပေးစေချင်တယ်၊ မေတ္တာရပ်ခံချင်တာက ဖေ့ဘုတ်တို့ အွန်လိုင်း မီဒီယာတို့မှာ ကျွန်မတို့ရဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို များများလေးမြှင့်တင်ပေးစေချင်တယ်။ သူတို့ရဲ့ အမုန်းစကားတစ်ခုက သူတို့ရဲ့ တစ်ဘဝလုံးကို နစ်နာစေတယ်။ နစ်နာစေတဲ့ကိစ္စရပ်က ကျွန်မတို့ အမျိုးသမီး တစ်ယောက်ရဲ့ တစ်ဘဝလုံးကို ထိခိုက်ပြီး စိတ်ဒဏ်ရာရစေတယ်။ အဲလိုမဖြစ်ဖို့အတွက် ကျွန်မတို့က  ၂၀၂၀ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း တွေကို ကျွန်မတို့ရဲ့ အသံတွေနဲ့ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။

.

မေး -  ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာကြောင့် မပြိုင်တာလဲ။

.

ဖြေ - ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တဲ့အကြောင်းက ရှမ်းပြည်နယ်မှာ ပါတီကြီးနှစ်ခုရှိတယ်၊ ကျားဖြူနဲ့ ကျားခေါင်း ဆိုတဲ့ ပါတီရှိတယ်။ ကျွန်မက အမျိုးသားရေးကို အခြေခံပြီးသွားနေတဲ့အချိန်မှာ ရှမ်းပါတီ နှစ်ပါတီက ကျွန်မတို့ရဲ့ အမျိုးသားရေး၊ လူမျိုးရေး အစိတ်အစိတ်အမွှာမွှာ ကွဲတယ်လို့ခံစားရတယ်။ သူတို့ နှစ်ပါတီပူးပေါင်းမှ သူတို့ မပူးပေါင်းဘူးဆိုရင်တောင်မှ နယ်မြေခွဲဝေတာတို့ အချင်းချင်းတိုင်ပင်ပြီး ဆောင်ရွက်မှ ဒါတွေပြန်လုပ်မယ်ဆိုပြီး စဉ်းစားမိတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ မဝင်ခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About