မင်းဇော်မင်း
.
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက်များတွင် ကျောက်မဲမြို့နယ်၊ ပါလင်ကျေးရွာတွင်
ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဖြတ်စခန်းသို့ သွားရောက်၍ ဆေးကုသရေးနှင့် နှစ်သိမ့်ဆွေးနွေး
ပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.
ယင်း ပါလင် (ကွင်းစလန်း) မူးယစ်ဆေးဖြတ်သင်တန်းကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှ
ဆရာတော် ဦးခေမာနန္ဒနှင့် TNLA ခရိုင်အုပ်ချုပ်ရေးပိုင်းမှ ကြီးကြပ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း
ကျောက်မဲခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းထံက သိရသည်။
.
“သူတို့ အုပ်ချုပ်ရေးပိုင်းက နယ်မြေထဲကမူးယစ်ဆေးစွဲသူတွေကို
စုစည်းပြီး လိုအပ်တာတွေကို အလှူရှင်တွေ၊ ကျေးရွာ တွေက အထောက်အပံ့နဲ့ လုပ်တယ်လို့ သိရတယ်။
ကျွန်တ်ောတို့ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပညာပေး နှစ်သိမ့်ဆွေးနွေးမှုတွေ၊ ဆေးဝါးတွေ
ကူညီပေးပါတယ်” ဟု ဦးတင်မောင်သိန်းက ပြောသည်။
.
သင်တန်းအား ဦးဆောင်သူ ဆရာတော် ဦးခေမာနန္ဒ၏ ဆက်သွယ် အကူအညီတောင်းခံလာချက်အရ
ဇီဝိတလူမှု ကူညီရေးအသင်းနှင့် ကျောက်မဲခရိုင် MANA အသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်း၊
စီမံကိန်းအရာရှိ ဒေါက်တာသိန်းဇော်နှင့် အဖွဲ့ဝင် ၁၁ ဦးတို့က လိုက်ပါကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုနဲ့
ပညာပေးမှုဆိုင်ရာမှာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေ အသိပညာပေးမှုကို တတ်နိုင်တဲ့ဘက်က
ဆောင်ရွက်ပေးနိုင်ဖို့ အခုလို ဖိတ်ကြားရခြင်းဖြစ်ပါတယ်။ သင်တန်းကတော့ ဆရာတော် ဦးစီးတာ
ပထမဆုံးအကြိမ် ဆိုပေမဲ့ ဒေသမှာတော့ ဒါနဲ့ဆိုရင် ၄ ကြိမ် ရှိပါပြီ” ဟု ဆရာတော် ဦးခေမာနန္ဒ
က မိန့်ကြားခဲ့သည်။
.
ထို့အတူ TNLA ခရိုင်အုပ်ချုပ်ရေးမှ တာကေကေက “တအာင်းလူထုတွေသာမက
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ် ဆေးဝါးကြောင့် ဘက်စုံဖွံ့ဖြိုးမှု ကျဆင်းရတာ ဘယ်သူ့ကြောင့်လဲ။
အစိုးရလူကြီးပိုင်းတွေ မသိတာ အများကြီးပဲ။ ၂၀၁၃-၂၀၁၄ ကတည်းက တစ်စိုက်မတ်မတ် လုပ်လာတာ။
NGO တွေ၊ CSO တွေအနေနဲ့ ကြားထဲမှာ ၁၇
(၁)၊ (၂) တွေ ရှိနေတယ်။ ပရဟိတလုပ်ငန်းတွေ လုပ်တာမှာ ကောင်းတာလုပ်တယ်ဆို ကျွန်တ်ောတို့က
လက်ခံတယ်” ဟု MANA အဖွဲ့သို့ ပြောဆိုခဲ့သည်ဟု သိရသည်။
.
“သူတို့ကို HIV စစ်တာ ၁၅ ယောက်တွေ့တော့ ရာခိုင်နှုန်းအရ
၂ ရာခိုင်နှုန်း နီးပါး ဖြစ်နေတယ်။ သူတို့အတွက် ART ဆေးရဖို့
တင်ပြတောင်းခံပေးရမယ်။ ကျောက်မဲဆေးရုံကြီးကို လာပြီး သမားတော်နဲ့ ကုသဖို့ စရိတ်တွေကအစ
တင်ပြ သွားဖို့ ရှိနေတယ်” ဟု ကျောက်မဲခရိုင် MANA စီမံကိန်းဆရာဝန်
ဒေါက်တာသိန်းဇော်က ပြောသည်။
.
မူးယစ်ဆေးစွဲ၍ ဆေးဖြတ်သူ ၁၂၀ ဦးအနက် အများစုမှာ
နှစ်ပင်လိမ်၊ သုံးပင်လိမ် ဟု ခေါ်သည့် ဘိန်းဖြူအကြောတွင်း ထိုးသူ၊ ဘိန်းမဲနှင့် ရာမ
သုံးစွဲသူ သုံးပုံတစ်ပုံခန့် ရှိသည်ဟု ၎င်းထံက သိရသည်။
.
ထို့အပြင် အသည်းရောင်အသားဝါ ဘီပိုး ၂ ဦး၊ စီပိုး ၉ ဦး
ဦးတွေ့ရှိသဖြင့် ကျန်လူများအား ကာကွယ်ဆေးထိုးနှံပေး၍ နောက်တစ်ပတ်အကြာတွင်
ဒေသဆရာမမှ ထိုးနှံပေးရေး ဆေးများပေးအပ်ထားကာ မူးယစ်ဆေးထိန်းဆေး၊ အားဆေး စသည်များ
ပေးအပ်ခဲ့ပြီး လာမည့် အောက်တိုဘာ ၂၂ ရက် တွင် တတိယအကြိမ် ထိုးနှံပေးရေး
သွားရောက်ရန် ရှိကြောင်း ဒေါက်တာသိန်းဇော်က ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါဆေးဖြတ်စခန်းကို ၃ လကြာ ဖွင့်လှစ်နေခြင်းဖြစ်ပြီး
ဆေးဝါးအကူအညီဖြင့် မူးယစ်ဆေးဝါးဖြတ်ခြင်းမဟုတ်ဘဲ အစိမ်းဖြတ်ခြင်းဖြစ်ကာ လူဦးရေ ၁၂၀
အနက် အမျိုးသမီး ၃ ဦးပါဝင်၍ အသက်အရွယ်မှာ ၁၈ နှစ်မှ ၆၂ နှစ်အထိ ဖြစ်ကြောင်းသိရပြီး
တအာင်း(ပလောင်)အများစုပါဝင်ကာ ရှမ်း၊ ကချင်လူမျိုးများ ပါဝင်ကြောင်း သိရပါသည်။
.
No comments:
Post a Comment