ဆိုင်းနှောင်
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များကြောင့် ညောင်ရွှေမြို့နယ်၊
အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ ကြွချီအပူဇော်ခံခြင်း
မပြုနိုင်သော်လည်း ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမတွင်
ဘုရားကြွချီ အပူဇော်ခံသကဲ့သို့ ဘုရားပူဇော်ခြင်း၊ ဘုရားကြိုခြင်းများကို ပုံစံတူ ကျင်းပခဲ့သည်ဟု
သိရသည်။
.
.
ထိုသို့ ပုံစံတူ ပူဇော်ရာတွင် ဟဲရွာရွာမ ဘုန်းတော်ကြီးကျောင်းမှ
ရွာတည်ဘုရား ၃ ဆူနှင့် ဒေသစာရီ စံမြန်းမည့် ကျောင်းစောင့်ကိုယ်တော် ခေါ် ရုပ်ပွားတော်မြတ်
တစ်ဆူ၊ စုစုပေါင်း ၄ ဆူတို့အား ဘုရား ဒေသစာရီ ကြွချီအပူဇော်ခံသည့် ပုံစံအတိုင်း ရွာထိပ်မှ
ပင့်ဆောင်၍ ကျောင်းတော်တွင် စံမြန်းကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဓမ္မစကြာ
ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.
“အရင်နှစ်တွေကလို ဘုရားပွဲတော် မဟုတ်တော့ ညောင်ရွှေ၊
ရွှေညောင်နဲ့ တခြားရွာက ဈေးသည်တွေတော့ လာမရောင်းကြဘူးပေါ့။ ရွာသားတွေပဲ
ရှိတာပါ။ ဒါပေမဲ့ ဒီနေ့ နေ့လည်ဆွမ်း
ကပ်တဲ့ အချိန်ကျတော့ အနေကဇာတင်တာရော ဘုရားဖူးတဲ့လူ ဆွမ်းကပ်တဲ့ လူတွေရောဆိုတော့ မနှစ်က
လူဦးရေနဲ့စာရင် ၈၀ ရာခိုင်နှုန်း လောက်တော့ ရှိပါတယ်” ဟု ဟဲယာရွာမ ဒေသခံ ဦးစိုးမြင့်ဦးက
ယနေ့ အောက်တိုဘာလ ၁၉ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖောင်တော်ဦး ဗုဒ္ဓကိုယ်ပွား ရုပ်ပွားတော်မြတ်များမှာ
နှစ်စဉ် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော်ခံခြင်းဖြစ်ပြီး သီတင်းကျွတ်လဆန်း
တစ်ရက်တွင် ရတနာစံကျောင်းမှ အင်းတိန်သို့ စတင်ထွက်ခွာကာ ဟဲယာ ရွာမတွင် ၂ ည ကျိန်းတော်မူပြီး
ငါဖယ်ချောင်းမှတစ်ဆင့် အင်းလေးဒေသအတွင်းသို့ ဆက်လက် ကြွချီအပူဇော်ခံခြင်း ဖြစ်ကြောင်း
သိရသည်။
.