စိုင်းသိင်္ခသူ
.
လာမည့်ဆောင်းရာသီကာလအတွင်း ညအပူချိန်လျော့နည်းခြင်း၊ အအေးပိုခြင်း၊
အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ်မိုးရွာသွန်းမှုပိုမိုဖြစ်ပေါ်လေ့ရှိသည့်
လာနီညာရာသီဥတုဖြစ်စဉ် ပေါ်ပေါက် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
ထုတ်ပြန်ထားသည်ဟု သိရသည်။
.
.
အဆိုပါထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏
ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားနည်းသော လာနီညာအခြေအနေသို့
ရောက်ရှိနေကြောင်းနှင့် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ
လာမည့်နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း
သိရသည်။
.
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း
အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း
ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ
အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊
အရှေ့ဘက်မှလေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်များ
ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ပေါ်ပေါက်လေ့ရှိကြောင်း သိရ သည်။
.
ထို့အပြင် လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သော အခြေအနေများအား မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (DeepDepression) သည် အနောက်-အနောက်မြောက်ဘက်သို့
ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment