လားရှိုးတွင် လူငယ် တစ်ဦးအား ဓားဖြင့် ဝိုင်းခုတ်သူ ၆ ဦးအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

လားရှိုးတွင် လူငယ် တစ်ဦးအား ဓားဖြင့် ဝိုင်းခုတ်သူ ၆ ဦးအား ဖမ်းမိ

မင်းဇော်မင်း

.

လားရှိုးမြို့၊ ရပ်ကွက်(၅)တွင် အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းက လူငယ် တစ်ဦးကို ဓားဖြင့် ဝိုင်းခုတ်သူ လူငယ် အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။

.


 

“ အသက်က ၁၅/၁၆ တွေပဲ ရှိကြသေးတယ်။ ဓားခုတ်ခံရတဲ့သူနဲ့လည်း ဆက်စပ်နေတယ်။ စစ်ဆေး ဖော်ထုတ်နေဆဲပါ။” ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ (၅၄) လမ်းပေါ်တွင် ဓါးဒဏ်ရာများဖြင့် လူငယ်တစ်ဦးကို တွေ့ရှိရကြောင်း သတင်းအရ လားရှိုးမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် စိုးမိုးဌေး ဦးဆောင်သော ရဲတပ်ဖွဲ့၀င်များက သွားရောက် စုံစမ်းစစ်ဆေးရာ  လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၄) တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် မောင်အားဟုန်အား ဝဲဘက်လက်မ ပြတ် ဒဏ်ရာ၊ ခေါင်းယာဘက်တွင် ပြတ်ရှဒဏ်ရာ၊ ဝဲဒူးပြတ်ရှဒဏ်ရာ ၂ ချက်နှင့် ဝဲခြေသန်းပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

.

ဒဏ်ရာ ရရှိသူ အားဟုန်အား မေးမြန်းရာ  (၅၅) လမ်းမဘေးတွင် ထိုင်နေစဉ် ဆိုင်ကယ် ၃ စီး၊ လူ ၆ ဦး ရောက်ရှိလာပြီး အသင့်ပါလာသော ဓါးရှည်များဖြင့် ဝိုင်းခုတ်သည့်အတွက် ဒဏ်ရာများ ရရှိခဲ့သဖြင့် ထွက်ပြေးလာခဲ့ကာ (၅၄) လမ်းပေါ် အရောက်တွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် လမ်း မလျှောက်နိုင်တော့သဖြင့် လမ်းဘေးတွင် လဲနေခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

ယင်းကဲ့သို့ ဓားခုတ်မှု ကျူးလွန်သူများမှာ လားရှိုးမြို့၊ ရပ်ကွက် (၅)နေ မောင်အားဖန်၊ ရန်နိုင်(ခ)ရန်ကွမ်းရှင့်၊ ဖူချင့်ထုံ(ခ) အားထုံ၊ နော်ကြာ(ခ)ထန်ရှောက်စုန်း၊ နေမျိုးစေး(ခ)ကျန်ကျိနှင့် နေကြာပေါက် (ခ) ဖာချွန်တို့ ဖြစ်ပြီး ၎င်းတို့အား နာရီပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး လားရှိူးမြို့မရဲစခန်းမှ (ပ)၅၁၈/ ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ တို့ဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About