စုလှိုင်
.
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
(နန်းသီတာလမ်းထိပ်) တွင် အောက်တိုဘာ လ ၁၄ ရက်၊ ညပိုင်းက ဆိုင်ကယ်မောင်းနှင်လာသော လူငယ်
၂ ဦးအား လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ကာ ဖုန်းနှင့် ဆိုင်ကယ် လုယူမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေ ခွန်ကျော်ထက်နှင့် ပြည့်ဖြိုးကိုတို့
၂ ဦးသည် အောက်တိုဘာလ ၁၄ ရက်၊ ည ၁၀ နာရီခွဲခန့်က မော်တော်ဆိုင်ကယ် စီးနင်းကာ အလုပ်မှ
ပြန်လာစဉ် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ (နန်းသီတာလမ်း) ထိပ်သို့ အရောက်တွင် အမည်မသိသူများ
မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးက ရှေ့မှ ပိတ်ရပ်ပြီး နောက်မှလိုက်လာသော ဆိုင်ကယ် ၃
စီးပေါ်မှ လူတစ်စုက ၎င်းတို့ ၂ ဦးအား ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်နှင့် ဖုန်းကို
လုယူသွားခဲ့ခြင်းဖြစ်ကြောင်း ရိုက်နှက်ခံရသူ၏ မိခင် ဒေါ်သူဇာထံက သိရသည်။
.
“အခု ဖြစ်သွားတဲ့အမှုက မတော်တဆလည်း မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဓါးပြလိုပဲ။
အမှုဖွင့်တာမှာ ရဲတွေရေးထား တာ တော်တော်ပေါ့တယ်။ မတော်တဆ ဖြစ်တာပေါ့။ ဆိုင်ကယ်အချင်းချင်း
ပွတ်တိုက် ပြီး လဲသွားတာ လောက်ပဲ ရေးထားတယ်။ ကျွန်မတို့က သဘောမကျဘူး။ ဒါကြောင့် ကလေးရဲ့အဖေက
လုယက်ရိုက်နှက်တာ ရေးပေးပါ ဆိုတော့မှ ပြန်ပြင် ရေးပေးတယ်” ဟု ဒေါ်သူဇာ က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ လုယက် ရိုက်နှက်မှုကြောင့် ပြည့်ဖြိုးကိုတွင် ယာနောက်စေ့
ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ် ပေါက်ပြဲ ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာ၊ ယာလက်ညှိုးပေါက်ပြဲဒဏ်ရာနှင့်
ခွန်ကျော်ထက်တွင် ဝဲဘက်ဂျိုစောင်းဒဏ်ရာ၊ ဝဲ/ယာလက်ချောင်းတွေပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာတွင် ယင်း သတင်း နှင့် ပတ်သက်၍ ဖြေကြားပေးမည့်သူ စခန်းတွင် မရှိကြောင်း
ပြောဆိုခဲ့ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ထံသို့ ထပ်မံဆက်သွယ် မေးမြန်းရာတွင်လည်း
မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
No comments:
Post a Comment