နိုင်ငံသားတစ်ဦးအနေဖြင့် မဖြစ်မနေ မဲပေးရန်လိုအပ်ကြောင်း ရှမ်းတောင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 30, 2020

နိုင်ငံသားတစ်ဦးအနေဖြင့် မဖြစ်မနေ မဲပေးရန်လိုအပ်ကြောင်း ရှမ်းတောင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တိုက်တွန်း

ဆိုင်းနှောင်

.

အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသား တစ်ဦးချင်း၏ အခွင့်အရေးအနေဖြင့် မဖြစ်မနေ မဲပေးရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူငယ်များက တိုက်တွန်း ပြောဆိုခဲ့သည်။

.

.

“နိုင်ငံသားတစ်ယောက် အနေနဲ့ မဲ‌ ပေးကို ပေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တိုင် ရွေးကောက် တင်မြှောက် ချင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်နိုင်တဲ့အခွင့်အရေး ဖြစ်တဲ့အပြင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဲ ပေးခွင့်ကို ပြည်သူတစ်ဦးချင်းအနေနဲ့ လုံးဝ လက်မလွှတ်သင့်ဘူးလို့ မြင်တယ်။ ဒီကာလမှာ မဲပေးရမယ် ဆိုတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရမှာဖြစ်ပါတယ်” ဟု ရှမ်းတောင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မမေသော် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ Interfaith Youth (Taunggyi) အဖွဲ့ မှ ကိုဉာဏ်လင်းထက် ကလည်း “နိုင်ငံသားတစ်ယောက် အနေနဲ့ မဲ ပေးသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ နိုင်ငံသားတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံးသည် မဲပေးခြင်း ဖြစ်ပါတယ်။ မဲပေးခြင်းနည်းနဲ့သာ ကျွန်တော်တို့ လိုချင်တဲ့အာဏာနဲ့ လိုချင်တဲ့အစိုးရကို တင်မြှောက် နိုင်မှာဖြစ်ပါ တယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

နိုင်ငံတစ်နိုင်ငံ၏ ကောင်းကျိုး၊ ဆိုးကျိုးသည် နိုင်ငံသားများအပေါ်တွင် တာဝန်ရှိပြီး ယင်းတာဝန်ဝတ္တရားများ ကိုလည်း မဲပေးခြင်းကသာ ဆုံးဖြတ်နိုင်ကြောင်းနှင့် မဲမပေးခြင်းသည် နိုင်ငံသား၏ တာဝန် ပျက်ကွက်ရာ ရောက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုခဲ့သည်။

.

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၆၆၅၇၆၀ ဦး ရှိကာ တစ်သီးပုဂ္ဂလ အပါအဝင် ပါတီ ၃၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၀၀ ဦးခန့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About