စိုင်းမျိုးမြတ်
.
COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ညောင်ရွှေမြို့နယ်ရှိ
အခြားဈေးများ ပိတ်ထား သည့်အတွက် ဟဲယာရွာမမှ ဆယ်စုနှစ်နှင့်ချီ၍ တိမ်မြုပ်ပျောက်ကွယ်နေသည့်
ရေပေါ်ဈေး ပြန်လည်ရောင်းချနေလျက် ရှိကြောင်း သိရသည်။
.
.
အဆိုပါ ဟဲယာရွာမ ရေပေါ်ဈေးကို အောက်တိုဘာလ ၂ ရက်မှ စတင်၍ ပြန်လည်ရောင်းချနေခြင်းဖြစ်ပြီး
လက်ရှိတွင် ငါးရက်တစ်ဈေး ၃ ကြိမ် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
.
“ရေပေါ်ဈေး ပြန်ရောင်းတဲ့အခါ တချို့က ဒီရေပေါ်ဈေးမှာ မရောင်း၊ မဝယ်တာ
ကြာပြီဆိုတော့ လှေမလှော်တတ်တော့ လောက်အောင် ခက်ခဲနေတယ်။ လှေမစီးတာ ၁၀ နှစ်လောက် ကြာပြီဆိုတော့
သူတို့တွေ မူးကြတယ်။ ပြီးတော့ တချို့ ကလည်း ကိုယ်လိုချင်တဲ့ ပစ္စည်းက ချက်ချင်းဝယ်မရတဲ့အခါ
ခက်ခဲတာလေးတွေ ရှိကြပါတယ်” ဟု ဟဲယာရွာမှ ဒေသခံ ဦးစိုးမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဟဲယာရွာမ ရေပေါ်ဈေးမှာ ၁၉၆၀ ခုနှစ် ဝန်းကျင်ကတည်းက စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး
ရွာ၏ အောက်တွင် ရှိသောကြောင့် ရွာလယ်အောက်ဈေးဟု ခေါ်တွင်ခဲ့ပြီး ထိုမှတစ်ဖန် မိုင်းပျိုး
ညနေခင်းဈေးသည်များ လာရောက် ရောင်းချ ရာမှ ညခင်းဈေးဟု ခေါ်တွင်ခဲ့ကာ ၁၉၉၆ ခုနှစ်တွင်
ရေပေါ်ဈေးဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“COVID-19 ကာလမှာ ဈေးသည်၊ ဈေးဝယ်တွေရဲ့ လိုအပ်ချက်နဲ့ ညှိနှိုင်းပြီး
ဆယ်စုနှစ် တစ်ခုကျော် တိမ်မြုပ်နေတဲ့ ရေပေါ်ဈေးကြီး ပြန်ဖြစ်လာတဲ့အတွက် ကျွန်မတို့
ဒေသခံတွေအနေနဲ့ ဝမ်းမြောက်ပါတယ်” ဟု ဒေသခံ မနှောင်း ကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ ဟဲယာရွာမ ရေပေါ်ဈေးမှာ စီးပွားရေးထက် ဖျော်ဖြေရေးဆန်သော
ဈေးတစ်ခု ဖြစ်ပြီး ယခင်ကတည်းက နိုင်ငံခြားဧည့်သည်များ၏ စိတ်ဝင်စားမှု များခဲ့သောဈေးတစ်ခုဖြစ်ရာ
လက်ရှိကျင်းပနေသော ရေပေါ်ဈေးကိုလည်း ရေရှည် တည်တံ့စေလိုကြောင်း ဒေသခံများထံက သိရသည်။
.
No comments:
Post a Comment