တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာရှိ ပအိုဝ်းအာဇာနည်ကုန်းတွင် ၄၅ နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားအား ယနေ့ (အောက်တိုဘာလ ၆ ရက်)၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဝင်များ၊ ပြည်သူ့စစ်ဌာနေ(PNA) တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
အခမ်းအနားတွင် ပအိုဝ်းအလံအား အလံတိုင်တွင် လွှင့်တင် အလေးပြုခြင်း၊ ကျဆုံးပြီးသော ပအိုဝ်းအာဇာနည် ခေါင်းဆောင် ဦးခွန်လှဖေနှင့် အာဇာနည် ခေါင်းဆောင်များအား အလေးပြုခြင်း၊ အလံအား အလံတိုင်တွင် တစ်ဝက်ချ၍ ဝမ်းနည်းမှု အထိမ်းအမှတ်ဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းနှင့် ခေါင်းဆောင်များ၏ အုတ်ဂူတွင် လွမ်းသူပန်းခွေ ချခြင်းများကို ပြုလုပ်ခဲ့ပြီးနောက် အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ ပင်တွန်ဘုန်ကြီးကျောင်းတိုက်တွင် ပင့်သံဃာတော်များအား လှူဖွယ်ပစွည်းများ လှူဒါန်းကာ ရေစက်သွန်းချ အမျှ ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပအိုဝ်း အမျိုးသား ခေါင်းဆောင် ဦးခွန်လှဖေသည် ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက် (၁၃၃၇ ခု၊ တော်သလင်း လပြည့်ကျော် ၅ ရက်)တွင် တောင်ကြီးမြို့နယ် ပင်တွန်ရွာ၌ ကွယ်လွန်ခဲ့ပြီးနောက် ၁၉၇၆ ခုနှစ် ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ်ရှိ လုံးဒါဘုန်းကြီးကျောင်း၌ ပြုလုပ်သော ပထမအကြိမ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ညီလာခံမှ ဦးခွန်လှဖေ ကွယ်လွန်သော တော်သလင်းလပြည့်ကျော် ၅ ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သဘောတူ သတ်မှတ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment