ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ရာတွင် ပါဝင်သည့် မြေယာများအတွက် လျော်ကြေးငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ရာတွင် ပါဝင်သည့် မြေယာများအတွက် လျော်ကြေးငွေများ ပေးအပ်

 ခွန်သန်းအောင်

.

ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်မည့် မြေယာများအတွက် မြေယာနှင့် သီးနှံလျော်ကြေးငွေများကို ယနေ့ (အောက်တိုဘာလ ၂ ရက်)တွင် ဟဲဟိုးလေယာဉ်ကွင်း ခရီးသည် နားနေဆောင်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

.

လေဆိပ် အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သည့် ဧက ၁၀၀ ကျော်အတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀ နှုန်းနှင့် သီးနှံလျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၉၆၀ ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များက တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

.

(Photo - Naing Zaw Zaw Htun)
ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တိုးချဲ့ စီမံကိန်းအတွက် တောင်သူများ၏ မြေများအား သိမ်းဆည်း ဆောင်ရွက်ရာတွင် ဒေသခံတောင်သူများ နစ်နာမှု မရှိစေရေးအတွက် လက်ရှိမြေပြင် ဒေသပေါက်စျေးနှုန်းများအတိုင်း မြေယာလျော်ကြေးငွေကျပ် ၄၇၄ ဒသမ ၆၅ သန်းနှင့် သီးနှံလျော်ကြေး ၁၂၁ ဒသမ ၉၀ သန်း၊ စုစုပေါင်း ငွေကျပ် ၅၉၆ ဒသမ ၅၅ သန်းအား တောင်သူများထံ ပေးအပ်မည် ဖြစ်ကာ ယခုကာလတွင် COVID-19 ကပ်ရောဂါ ကျရောက်နေသဖြင့် လူစုလူဝေး မပြုလုပ်ဘဲ သင့်လျော်သလို ခွဲဝေ ပေးအပ်ခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် တောင်သူများကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံ၍ အားပေး ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

.

အဆိုပါ မြေဧက ၁၀၀ ကျော်တွင် ဂျင်း၊ ပြောင်းနှင့် အခြား ရာသီပေါ် သီးနှံများ စိုက်ပျိုးထားကာ ယင်း သီးနှံများ ရိတ်သိမ်း၍ ရရှိသည်များကို မူလတောင်သူများက ရယူနိုင်မည် ဖြစ်သည့်အပြင် သီးနှံများ အားလုံး ရိတ်သိမ်း ပြီးမှသာ လေယာဉ်ကွင်း အဆင့်မြှင့်တင်သည့် စီမံကိန်းကို အကောင်အထည် ဖော်မည် ဖြစ်ကြောင်း သိရသည်။

.

ယခု လျော်ကြေးပေး၍ ရယူမည့် ဧက ၁၀၀ ကျော် အပါအဝင် စုစုပေါင်း ဧရိယာ ၆၀၀ ကျော်တွင် ဟဲဟိုးလေဆိပ်အား အဆင့်မြှင့်တင် သွားမည် ဖြစ်ကာ ယင်းကဲ့သို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့်စနစ် (Public private partnership - PPP) ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats