ကိုအောင်မိုး (ရွှေဖီမြေ)
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
နမ့်ဆန်မြို့နယ်၊ တောင်ကျော်ကျေးရွာအုပ်စု၊ တောင်ကျော်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ
၇ ရက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပဉ္စမစက်ဝန်း မြစိမ်းရောင် ရန်ပုံငွေများကို
ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
.
.အဆိုပါ မြစိမ်းရောင်ရန်ပုံငွေ
ထုတ်ချေးမှုကို နမ့်ဆန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး
ဦးကျော်သန်းနှင့် မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့က ကြီးကြပ်၍ COVID-19 ဆိုင်ရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏
လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေချိန်တွင်
ကျေးလက်နေပြည်သူများအတွက် အတိုးနည်းသည့် မြစိမ်းရောင်ရန်ပုံငွေကို ထုတ်ချေးပေးနိုင်ခြင်းဖြင့်
ကျေးရွာပြည်သူလူထုကို များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျေးရွာများတွင်
မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းဖြင့် ကျေးရွာလူထုများ အလုပ်အကိုင်အခွင့် အလမ်းနှင့်
မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ခြင်း၊
မြစိမ်းရောင်ရန်ပုံငွေ မှ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာ လူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပြီး ကျေးရွာ လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့်
မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ
ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်စီမံကိန်းကို အကောင် အထည်ဖော်
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကျော်ကျေးရွာသည်
မြစိမ်းရောင်ရန်ပုံငွေစီမံကိန်းကို ၄ နှစ်ရရှိခဲ့ပြီး အတိုးရရှိငွေပေါင်း ကျပ်သိန်း
၁၄၀ ကျော် ရရှိထားကာ ယင်းငွေများကို ကျေးရွာအတွက် လိုအပ်နေသည့် ရွာတွင်း ကွန်ကရစ်လမ်းများ၊
ကွန်ကရစ်ရေမြောင်းများ၊ အခြေခံ အဆောက်အအုံများနှင့် လူငယ်များအတွက် ဘောလုံးကွင်းတို့ကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာ မြစိမ်းရောင်ကော်မတီထံက သိရသည်။
.
သို့သော် ယခုအခါ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့်ကာလအတွင်း
ကျေးရွာလူထု၏ လက်ဖက် ထုတ်ကုန်များ အရောင်းအဝယ် နည်းပါးလာသည့်အတွက် ဒေသခံများအနေဖြင့်
မြစိမ်းရောင်ရန်ပုံငွေ ပြန်လည် ပေးဆပ်ရန် အခက်အခဲများ
ဖြစ်ပေါ်နေရပြီး အတိုးငွေကိုသာ ပြန်ဆပ်ကာ အရင်းပြန်ဆပ်ရမည့်ကာလကို ရွှေ့ဆိုင်း ပေးစေလိုကြောင်း
ဒေသခံများထံက သိရသည်။
.
နမ့်ဆန်မြို့နယ်တွင်
ကျေးရွာပေါင်း ၁၃၀ ကျော် ရှိသည့်အနက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်ခြေ
၈၀ ကျော်ရှိသည့် ကျေးရွာပေါင်း ၁၈ ရွာတွင် မြစိမ်းရောင်ရန်ပုံငွေ စီမံကိန်းကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပြီး တစ်ရွာလျှင် အရင်းမပျောက်မတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီ ထုတ်ချေးပေးထားကြောင်း
သိရသည်။
.
No comments:
Post a Comment