တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ မှန်ကွဲစဖြင့် ထိုးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 3, 2020

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ မှန်ကွဲစဖြင့် ထိုးမှုဖြစ်ပွား

မင်းမင်း

.

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၃) တောင်တန်းရှည်လမ်းတွင် ယနေ့ အောက်တိုဘာလ ၃ ရက်၊ နေ့လယ်ပိုင်းက ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ အစ်ကိုဖြစ်သူက ညီအား မှန်ကွဲစဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၃) တောင်တန်းရှည်လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ အောက်တိုဘာလ ၃ ရက်၊ နေ့လယ်ပိုင်းက ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာ ညီဖြစ်သူမှ အရက်ပုလင်းဖြင့် ပစ်ပေါက်သည့်အတွက် အစ်ကိုမှ ဒေါသထွက်ကာ အနီးရှိ မှန်ကွဲစဖြင့် ညီအား ထိုးခဲ့ရာ လည်ချောင်းပေါက်ထွက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ညီအစ်ကိုချင်း ရန်ဖြစ်တာကနေ အစ်ကိုဖြစ်သူက ညီဖြစ်သူရဲ့ လည်ပင်းကို မှန်ကွဲစနဲ့ထိုးလိုက်တာပါ။ ညီဖြစ်သူကို စဝ်စံထွန်းဆေးရုံကို ပို့လိုက်ပြီ။ အစ်ကိုဖြစ်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေက ဖမ်းဆီးပြီး စခန်းကို အကြောင်းပေးထားလို့ ရဲတွေလာခေါ်သွားပါပြီ” ဟု ရွှေတောင်ရပ်ကွက် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

.

ထို့အတူ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကလည်း “ညီအစ်ကိုချင်း စကားများပြီးတော့ တစ်ဘက်က လည်း ဓါးနဲ့ ခြိမ်းခြောက်တော့ တစ်ဘက်ကလည်း မှန်ကွဲနဲ့ ပစ်တာပါ။ ထိုးတဲ့သူကို ကျွန်တော်တို့ကိုယ်တိုင် ရဲစခန်း အပ်လိုက်ပါပြီ။ အထိုးခံရတဲ့သူကတော့ အစောပိုင်းက သတိမရဘူး။ သွေးထွက်လွန်တယ်လို့ ပြောတယ်။ အခုတော့ သတိရပြီလို့ သိရပါတယ်” ဟု ပြောဆိုခဲ့သည်။

.

မှန်ကွဲစဖြင့် ထိုးခံရသူတွင် လည်ချောင်းပေါက်ထွက်ပြီး သွေးထွက်များသဖြင့် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုးသူအား တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် အမှုအား စစ်ဆေးမေးမြန်းဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About