မင်းဇော်မင်း
.
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်လာကြသည့် ဒေသခံများ
နေရပ်ပြန်ရာတွင် နေအိမ်အချို့၌ မွေနှောက်ခံထားရသဖြင့် နေရပ်သို့ မပြန်နိုင် ဖြစ်နေသည်ဟု
သိရသည်။
.
![]() |
ဓါတ်ပုံ - မင်္ဂလာထွန်း |
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က စတင်၍ တပ်မတော်နှင့် RCSS တို့ ကျောက်မဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
အောက်တိုဘာလ ၂ ရက်တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကျောက်မဲမြို့ တောင်ဘက် နှင့်
အရှေ့တောင်ဘက်ရှိ စစ်ရှောင်စခန်းများသို့ ခိုလှုံရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ
ယင်းတိုက်ပွဲရှောင် ၂၀၀၀ ကျော် နေရပ်သို့ ပြန်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.
“စပါးတွေ၊ ပြောင်းတွေ ရိတ်သိမ်းချင်နေကြသလို
ကိုယ့်အိမ်ကိုယ်ယာတွေလည်း ပြန်ကြည့်ချင်ကြတာဖြစ်လို့ ကျွန်တော်တို့ လိုက်ပို့ခဲ့ပါတယ်။
မပြန်နိုင်တဲ့သူတွေ အနေနဲ့က သူတို့အိမ်တွေ မွှေနှောက်ခံထားရတဲ့အပြင် စစ်ကြောင်း တွေလည်း
အနီးအနားမှာလှုပ်ရှားနေဆဲဖြစ်လို့ မပြန်နိုင်သေးဘူးဖြစ်နေတယ်။ ပြန်တာတော့ ၂၀၀၀
ကျော်ပါပြီ” ဟု ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းထွန်းဝင်း က ပြောသည်။
.
ပုံဝိုးအပါအဝင် စခန်း ၇ ခုမှတိုက်ပွဲရှောင်များမှာ
အောက်တိုဘာ ၁၇ ရက် က နေရပ်များသို့ပြန်သွားခဲ့ပြီဖြစ်သော်လည်း ပုံဝိုးမှ ၆
မိုင်ခန့်အကွာရှိ တောင်ထိပ်၊ ကောင်းမှုခန့်စသည့်ရွာများမှ တိုက်ပွဲရှောင်တစ်ထောင်ခန့်
ကျန်ရှိနေသေးကြောင်း ကျောက်မဲမြို့နယ် စစ်ရှောင်များပံ့ပိုးရေးကော်မတီ ဥက္ကဌ
ဦးတင်မောင်သိန်း ထံက သိရသည်။
.
“တောင်ထိပ်ဘက်မှ ၁၀၀၀ လောက်ကျန်နေသေးတယ်။ ရိက္ခာကတော့ ၁၅
ရက်စာလောက်ရှိသေးတယ်။ နှစ်ဘက် တိုက်ပွဲမဖြစ်တာပဲ ရှိတယ်။ ဆိုင်နေတဲ့သဘောရှိလို့
တစ်ဘက်ဘက်က ဆုတ်သွားမှ ပြန်ဖြစ်မယ်လို့သိရတယ်။ နောက် ၃/၄ ရက်ဆို အခြေအနေ ပိုအေးချမ်းနိုင်ပါတယ်”
ဟု ဦးတင်မောင်သိန်းက ပြောသည်။
.
ကွမ်ဟင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းစံအေးကမူ ကွမ်ဟင်ရှိ
တိုက်ပွဲရှောင်လက်ကျန် အိမ်ထောင်စု ၃စု လူဦးရေ ၁၂ ဦးကို ယနေ့ (အောက်တိုဘာ၁၉) ရက်တွင်
ရွာသို့လိုက်လံပို့ဆောင်မည်ဖြစ်သည်ဟု
ပြောသည်။
.
ပိန်းထွမ်း၊ ဟန်နောင်၊ တော်လေ၊ ကုန်းညောင်၊ မန်ထန်(အရှေ့)
ရွာများနှင့် ခန့်ခိုင်အုပ်စုမှ နမ့်ဟင်ကျေးရွာတို့မှ တိုက်ပွဲရှောင်အိမ်ထောင်စု
၁၄၉ စု၊ လူဦးရေ ၃၉၇ ဦးအနက် နမ့်ဟင်ရွာမှ အပ အခြားရွာများမှ တိုက်ပွဲရှောင် များမှာ
ယမန်နေ့ကပြန်သွားကြပြီဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အောက်တိုဘာ ၁၂ ရက်၊ ကျောက်မဲခရိုင်ရှိ
တိုက်ပွဲရှောင်အတည်ပြုစာရင်းအရ စစ်ရှောင်စခန်း ၁၀ ခုတွင် တိုက်ပွဲရှောင် ၃၅၀၃
ဦးရှိခဲ့ရာမှ ယခုတွင် အခြေအနေများငြိမ်သက်လာနေသဖြင့် ရပ်ရွာများသို့
ပြန်နေကြခြင်းဖြစ်ကြောင်း သိရသည်။
.