လူကိုကြည့်ပြီး မဲပေးမယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, October 17, 2020

လူကိုကြည့်ပြီး မဲပေးမယ်

အောင်ဆန်းဝင်း

.

ညနေစောင်း ၅ နာရီ ဒေါင်တာနဲ့ ခြေထောက်တွေက အဆင်သင့်။ မိုးရွာရွာ နေပူပူ လက်က သူ့အလိုလို ထီးကောက်ဆီ ရောက်ပြီးသား။ မဖြစ်ညစ်ကျယ် အလုပ်တွေ တိခနဲ ဖြတ်ချလိုက်တယ်။ ဦးတဲ့လူက လှမ်းအချက်ပြတယ်။ ထုံးစံအတိုင်း တစ်နာရီခွဲစာ လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ဖို့။ လမ်းလျှောက်စက လမ်းလျှောက်နည်း မေ့နေတဲ့ ခြေထောက်တွေကြောင့် အတော်ကြီး ကကြိုးကကြောင် ကြုံခဲ့ရတယ်။ အခုရက်ပေါင်း ခြောက်ဆယ် လမ်းလျှောက်သက် နှစ်လသားလောက် ရလာတော့ မြေကြီး (အမှန်တော့ ကတ္တရာလမ်း)နဲ့ ခြေထောက် သဟဇာတ မိတ်ဖက် ကျလာတယ် ပြောရမှာပေါ့။ တစ်နာရီခွဲစာ အချိန်ယူခဲ့ရ ခရီးက အခုတော့ တစ်နာရီနဲ့ ကိစ္စပြတ်။ လမ်းတစ်လျှောက် ဟိုကြည့်ဒီငေးကတော့ ဝတ္တရား မပျက်တဲ့ အလုပ် တစ်ခု။ ရောက်တတ်ရာရာ တော်ကီပွားရင်း လမ်းသလားကြတာ အချိန်ကုန်လို့ ကုန်မှန်း မသိ ဖြစ်လာတယ်။

.



အခုမြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထပ်တိုးလာတာက ပါတီဆိုင်းဘုတ်တွေ။ အနီပါတယ်။ အပြာပါတယ်။ အဝါပါတယ်။ ကျန်တဲ့ ပါတီဆိုင်းဘုတ်တွေလည်း တွေ့လာရတယ်။ ဆိုင်းဘုတ်ထဲက ကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံအောက်မှာ ဘယ်သူက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ဆိုပြီး အများသိအောင် ရေးသားထားတယ်။ 

.

တစ်ယောက်သွား ကိစ္စပြတ်။ နှစ်ယောက် ဆိုစကားများ။ သုံးယောက်ပေါင်း ထောင်းလမောင်းထ ဆိုလား။ လျှောက်စကတော့ ဆိုင်နီးနားချင်း မိတ် ဆွေနောင်တော်နဲ့ နှစ်ယောက်တည်း။ လမ်းလျှောက်သက် လသားလေးရလာတော့ အစွယ်အပွား ညီနောင်တစ်ယောက် ထပ်တိုးလာတယ်။ တောင်ကြီးမြို့မှာ မြို့ပတ်ကား မောင်းနေတဲ့ ညီငယ်တစ်ယောက်။ သူက မနက်တိုင်း တစ်ယောက်တည်း လျှောက်နေကျ။ ညနေစောင်းက အဖော်ကောင်းတာနဲ့ အပိုဆောင်း လေ့ကျင့်ခန်းဆင်းတာ။ လတ်တလော အချိန်မှန် ထွက်တဲ့ ရထားသုံးတွဲပေါ့။ လျှောက်တဲ့လမ်းကြောင်းကတော့ တစ်နာရီခွဲစာ အလွဲများ အက်ဆေးဆောင်းပါးထဲက အတိုင်း အပြောင်းအလဲ မရှိသေးဘူး။ ကြားဖြတ် အနေနဲ့ စူဠာမုနိ လောကချမ်းသာစေတီ တောင်ဘက်က ညောင်ညိုပင်အောက်မှာ ခြင်းလုံး ဝင်ခတ်ဖြစ်ရင်တော့ လမ်းကြောင်း အပြောင်းအလဲ နည်းနည်း လုပ်ရတယ်။

.

ခြင်းဝိုင်းထဲ ဝင်ခတ်လိုက်တာနဲ့ အနည်းဆုံးက နာရီဝက်။ တစ်ခါတလေ အချိန် ပိုသွားတဲ့ အခါလည်း ရှိတယ်။ ခြင်းဝိုင်းမှာ ခြေကျောရှည်သွားရင် ပုံမှန် လျှောက်နေကြ လမ်းကြောင်းဖြစ်တဲ့ တောင်ကြီးတက္ကသိုလ်ဘက် သွားလို့ မရတော့ဘူး။ စူဠာမုနိလောကချမ်းသာစေတီ အနောက်ဘက်က ရွှေရည်အေးလမ်း (အရပ်အခေါ် မီးသတ်လမ်းကြား) အတိုင်း အနောက်မြို့ပတ်လမ်းပေါ် ဆင်းရတယ်။ အဲဒါမှ ဝပ်ကျင်း ပြန်ရောက်တဲ့အချိန်က စရွေးကိုက်။ ခြင်း မခတ်ဖြစ်တဲ့နေ့ ဆိုရင်တော့ ပုံမှန်လမ်းကြောင်း အတိုင်းပဲ။ တစ်ခုတော့ သတိထားရတယ်။ ဂေါက်ကွင်း အရှေ့ဘက် ဗိုလ်ချုပ်အောင်ဆန်း လမ်းမဘေးနား လျှောက်တဲ့အချိန်။ အတွင်းထဲက ဂေါက်သီးတွေ လက်ချော်ပြီး လမ်းမပေါ် ရောက်ရောက်လာတယ်။ ပြောချင်တာပြော လျှောက်ချင်သလို လျှောက်နေတုန်း ဂေါက်သီး ခေါင်းပေါ် ကျလာရင် ငါးပါးမှောက်မယ့် အပေါက်။

.

ညောင်ပင်အောက်မှာ ခြင်းလုံးဝိုင်းက ညနေစောင်းတိုင်း ရှိတယ်။ ပိုက်ကျော်ခြင်းတော့ မဟုတ်ဘူး။ ဝိုင်းခြင်း။ လူဘယ်နှစ်ယောက်ရှိရှိ ဝိုင်းခတ်တဲ့ ဝိုင်းခြင်း။ ၇ ယောက်ရှိလည်း ခတ်တယ်။ ၈ ယောက်ဆိုလည်း ဝိုင်းလိုက်တာပဲ။ ကျန်းမာရေးအရ ဝိုင်းခတ်ကြတာဆိုတော့ လူဦးရေက ပြဿနာ မရှိဘူး။ လာတဲ့လူတိုင်း ခတ်ရဖို့ အဓိက။ အပ်ကျမတ်ကျ ခတ်တတ်တဲ့ လူက တစ်ယောက်စ နှစ်ယောက်စ။ စုန်းပြူးတွေပေါ့။ အများစုက ခြင်းလုံးနဲ့ ခြေထောက်နှစ်ပါး သွားခင်းနိုင်တယ်ဆိုရုံလောက်တွေ။ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ လာဘ်တွေပါးနေတော့ မရှိရှိတဲ့ လာဘ်ကို ရှာကြံယူနေကြရတာ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုထားတာကိုး။ ဒီလိုအချိန်ခါမှာ မကျန်းမာလို့ကလည်း မဖြစ်ဘူး။ အရေးပေါ်လာရင် နီးနီးနားနား ဆေးခန်းတွေ ရှားတယ်။ (ပိတ်ထားကြလို့)။ အဓိက ရှားပါးတာက အားလုံးသိတဲ့အတိုင်း။ ပိုက်ဆံ။

.

အဲဒီတော့ ရှိတဲ့လာဘ်လေးပါးမသွားတောင် ညနေစောင်းတိုင်း လမ်းလျှောက်။ သွားရင်းလာရင်း မြင်တာ တွေ့တာလေးတွေ ရှိရင် စာတိုပေါက်စလေးတွေ လျှောက်ရေး။ ပြီးခဲ့တဲ့ တစ်ခေါက်ကတော့ တို့တိ တို့တိ လွဲနေတဲ့ အလွဲတွေ ကြည့်ပြီး ( တောင်ကြီးမြို့ပေါ်က တစ်နာရီခွဲစာ အလွဲများ ) ခေါင်းစဉ်နဲ့ စာစုလေး ရေးဖြစ်တယ်။ အမျိုးအရင်းတွေ အားပေးတော့ နောက်တစ်ပုဒ် ဘာရမယ်ရှာပြီး ရေးမလဲပေါ့။  ခက်တာက လမ်းကြောင်းက ဒီတစ်ခုတည်း။ ကြီးကြီးမားမား ပြဿနာ ရှာစရာက ရှိမနေဘူး။ အရင်အစိုးရတွေ လက်ထက်က ထက်ပေမီ တန်းမီ ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စူဠာမုနိ လောကချမ်းသာ စေတီတော်၊ လက်ချော်လာနိုင်တဲ့ ဂေါက်သီးကြည့်ရှောင်ရတဲ့ ဂေါက်ကွင်း၊ တောင်ကြီးတက္ကသိုလ်နဲ့ အနောက်မြို့ပတ်လမ်းတစ်လျှောက်။ ဒီအဆင်တွေ ကြားမှာ ထပ်ရေးစရာ စကားလုံး ကျမလာဘူး။

.

အဲဒီတော့ ဒီတစ်ခါ ဘာရေးမလဲ။ (သီချင်းခေါင်းစဉ် မဟုတ်ပါ)။ ကြံဖန်တွေး လှည့်ပတ်ကြည့်တော့ ညနေစောင်းတိုင်း လျှောက်နေကြ လမ်းမဘေးက အပြောင်းအလဲ တချို့ကို သွားမြင်မိတယ်။ ဆိုင်းဘုတ်တွေ။ အရင်တုန်းကလည်း ဆိုင်းဘုတ်တွေ ရှိတယ်။ ကုန်ပစ္စည်း ကြော်ငြာ ဆိုင်းဘုတ်တွေပေါ့။ အခုမြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထပ်တိုးလာတာက ပါတီဆိုင်းဘုတ်တွေ။ အနီပါတယ်။ အပြာပါတယ်။ အဝါပါတယ်။ ကျန်တဲ့ ပါတီဆိုင်းဘုတ်တွေလည်း တွေ့လာရတယ်။ ဆိုင်းဘုတ်ထဲက ကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံအောက်မှာ ဘယ်သူက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ဆိုပြီး အများသိအောင် ရေးသားထားတယ်။ ဆိုင်းဘုတ် တစ်ခုမှာ ၃ ယောက်ပါတာ ရှိတယ်။ တချို့ဆိုင်းဘုတ်တွေထဲမှာ ၄၊ ၅ ယောက်။ လွှတ်ပြီးတော်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်မဖြစ်ကတော့ ပိတ်ကားပေါ် စောင့်ကြည့်ရမှာပေါ့။

.

သွားလေရာ လမ်းတစ်လျှောက် ဆိုင်းဘုတ်တွေ တိုးလာ ထောင်လာလိုက်တာ နေ့ချင်းညချင်း။ အဲဒီတော့ လမ်းလျှောက်ရင်း အလုပ်တစ်ခု ထပ်တိုးလာတယ်။ ဆိုင်းဘုတ်တွေ ကြည့်ရ ငေးရတဲ့ အလုပ်။ တချို့ဆိုင်းဘုတ်တွေဆို ဘယ်လောက် ငေးမိနေမှန်း မသိလို့ အချင်းချင်း လက်တို့ရတဲ့ အထိ။ ကျန်တာကြောင့်တော့ မဟုတ်ပါဘူး။ ဆိုင်းဘုတ်ထဲပါတဲ့ ဓာတ်ပုံရှင်တွေက လှတပတလေးတွေ ဖြစ်နေတာကိုး။ အသက်လေးတွေကလည်း လွန်ရောကျွံရော ရှိလှမှ အစိတ် ပတ်လည်လောက်။ မကြာခင် (ရွေးကောက်ခံရရင်) နိုင်ငံ့တာဝန် ထမ်းဆောင်တော့မယ့် ဓာတ်ပုံ ပိုင်ရှင်လေးတွေ ကြည့်ပြီး လတ်တလောတော့ မျက်လုံး အေးတာတော့ အမှန်။ လမ်းလျှောက်ဖော် နောင်တော်က ဆိုင်းဘုတ်ကို တွေတွေကြီး ကြည့်ပြီး အားပါးတရ ပြောရှာတယ်။ ဒီတစ်ခေါက် လူကြည့်ပြီး မဲပေးတော့မယ်တဲ့။ (ပြောင်းလဲချိန် တန်လို့လားတော့ မပြောတတ်ပါဘူး)။

.

ဆိုင်းဘုတ်ကြီး ငေးပြီး လူကြည့်မဲပေးမယ်လို့သာ ပြောနေတာ။ သူအမြဲတမ်း ကြွေးကြော်တဲ့ စကားလုံးက အစိမ်းကို ချစ်တယ်ဆိုတာချည်း။ သန်းခေါင်ယံ တစ်ရေးနိုး ထမေးလည်း အစိမ်းပဲ။ သူ့ထက် စိမ်းတဲ့ လူတောင် အစိမ်းကို သူလောက်ချစ်မှာ မဟုတ်ဘူးဆိုတာက လုပ်သေး။ ကြည့်နေတဲ့ မျက်လုံးက ဆိုင်းဘုတ်ပေါ်က တစ်ရွေးသားမှ မခွာဘဲ ထပ်ပြောတယ်။ ငါက အစိမ်းကိုပဲ ချစ်တာ။ မဲပေးရင်တော့ လူကြည့်ပြီး ပေးမှာဆိုပဲ။ မြင်ရကြားရတဲ့ ဘေးကလူတွေ တိုင်တွေကို ပတ်လို့။ ဟုတ်တယ်လေ။ သူ မက်မက်စက်စက် ချစ်တာ အစိမ်း။ စိမ်းစိမ်းတောက် ဒို့မြန်မာတွေဆိုပြီး သီချင်း လုပ်ဆိုနေတဲ့လူ။ မဲပေးမယ် ဆိုကာမှ သူ့မျက်လုံး မြင်တဲ့လူ ပေးမယ်ဆိုတော့။ မသိရင် နောက်ကျောဓားနဲ့ ကပ်ထိုးနေသလိုလိုနဲ့။ အဲဒီတော့ ဆိုင်းဘုတ်ကြီး ရှေ့မှာတင် အစိမ်းကို သူချစ်ရတဲ့အကြောင်း ထုချေလွှာ တောင်းရတော့တာပေါ့။

.

အစိမ်းကို မချစ်ရင် ငါ ငတ်သွားမှာပေါ့။ ဖြတ်လေးဖြတ်လုပ်သွားရင် ဘယ်သူက အစားထိုး တာဝန်ယူပေးမှာတုန်း ဆိုပဲ။ (ဘာတွေငတ်ပြီး ဘာတွေ ဖြတ်မယ် ဆိုတာတော့ မပြောတတ်ဘူး)။ သူ အစိမ်းကို ချစ်ရတဲ့ အကြောင်းရင်း ဆက်ပြောတယ်။ တစ်လုံးတည်းနဲ့ လုံးဝ ကျွတ်ဆင်ကြီး။ သူရဲ့အိမ်သူသက်

ထား ဇနီးမယား ငယ်ပေါင်းကြီးဖော် ချစ်သူရည်းစား (များကုန်ပြီ ထင်တာပဲ)က ပညာရေးဝန်ထမ်း ကျောင်းဆရာမ။ အဲဒီတော့ အစိမ်းကိုမှ မချစ်ရင် ဘယ်သူ့ သွားချစ်ရမှာတုန်းတဲ့။ ပြတ်ကရော။ ဆက်ပြောသေးတယ်။ သူအစိမ်းကို ချစ်တဲ့အချစ်က ပင်စင်ယူတဲ့အထိကို ချစ်ဦးမှာတဲ့။ ဆိုင်းဘုတ်ထဲက ဓာတ်ပုံရှင်အတော်များများ အသက်ကြီးနေတာကိုတောင် ကျေးဇူးတင်ရမယ့် အပေါက်။ နှစ်ဆယ်ကျော် ငါးနှစ်ပတ်လည်တွေ ချည်းသာဆို သူ့မဲတစ်ပြားကို ဘယ်လိုခွဲခြမ်း စိတ်ဖြာဖို့ စိတ်ကူးထားတယ် မပြောတတ်ဘူး။

.

သတိထားမိတဲ့ ဆိုင်းဘုတ်ကြီး တစ်ခု ရှိသေးတယ်။ ဆိုင်းဘုတ်ထဲပါတဲ့ ဦးလေးကို ပိုသတိထားမိတယ် ပြောရမလားပါဘဲ။ သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဆိုင်းဘုတ်ထဲပါတဲ့ ဦးလေးဓာတ်ပုံက လက်လေး တပြပြနဲ့။ မသိရင် ကြိုတင်နှုတ်ဆက်နေတာ များလားပေါ့။ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနမိတ်ထွန်း ဆိုတော့ လက်လေး တပြပြနဲ့ ဦးလေးဓာတ်ပုံ ကြည့်ရတာ တစ်မျိုးကြီးကို ဖြစ်လို့။ ကျန်ခဲ့တဲ့ ရက်ပိုင်းကလည်း ညကြီးမိုးချုပ် ဦးလေးတို့ ပါတီဆိုင်းဘုတ်ကြီး တစ်ခု ထောင်သေးတယ်။ နောက်ရက်ကျတော့ လေမင်းသား မွှေလိုက်တာ ဆိုင်းဘုတ်ထောက်တိုင်ကြီး ထက်ခြမ်းကို ပိုင်းရော။ အတိတ်နိမိတ်ဆိုတာတွေက ပြောရလည်း အခက်သား။ ထားပါ။ ယတြာကောင်းရင် မင်းလောင်းတောင် ပျောက်တယ်ဆိုလား။ လတ်တလောတော့ ဆိုင်းဘုတ်ရှေ့က မခွာနိုင်တဲ့ အစိမ်းချစ်ကြီးကို ဝပ်ကျင်းရောက်အောင် ခေါ်ပြန်ရဦးမယ်။ ဆိုင်းဘုတ်ရှေ့မှာ ငုတ်တုတ်မေ့နေမှာ စိုးလို့။

.

No comments:

Post a Comment

Journal Download

Photo of three cats

About