ဆိုင်းနှောင်
.
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရှမ်းပြည်နယ်မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနပိုင် ဆိုင်ခန်းများ၏ မြေငှားရမ်း ခအား အောက်တိုဘာလ ၂၈ ရက် နောက်ဆုံးထားပေးသွင်းရန်
အတင်းအကျပ် ကောက်ခံနေမှုနှင့် ပတ်သက်၍ ဆိုင်ခန်းရှင်အချို့ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း
သိရသည်။
.
.
ယခုအခါ COVID-19 ကာလဖြစ်၍ ဆိုင်ခန်းရှင်များအနေဖြင့် စီးပွားရေး
ခက်ခဲနေသောကြောင့် ငှားရမ်းခအား ခေတ္တ ဆိုင်းငံ့ပေးရန် တောင်းဆိုထားသော်လည်း ဌာနမှ
ရက်ရွှေ့ဆိုင်းပေးခြင်း မရှိသည့်အပြင် ဆိုင်ခန်း မြေငှားရမ်းခ ပေးသွင်းရန် ပျက်ကွက်ပါက
တစ်ရက်လျှင် ဒဏ်ကြေးငွေ ၅၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်ဟု သိရသည်။
.
“ကျွန်မတို့က တစ်ဆင့် ပြန်ငှားထားတာပါ။ ကျွန်မအနေနဲ့ ပြည်သူအချင်းချင်း
ဒီ COVID-19 ကာလမှ အဆင်မပြေတဲ့ အတွက် ဈေးလျှော့ပေးတာ၊ ဆိုင်းငံ့ပေးတာတွေ လုပ်ပေးတယ်။
သူတို့က အစိုးရဖြစ်ပြီး ဒီကာလမှာ တစ်ရက်လွန်ရင် ဒဏ်ကြေးငွေ ၅၀၀၀ ဆိုတာ မတရားပါဘူး”
ဟု ဆိုင်ခန်းရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဆိုင်ခန်းများကို တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ
ဆိုင်ခန်းရှင်များသို့ နှစ် ယခင်က ရောင်းချပေး ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်
ဆိုင်ခန်းရှင်များအား အပိုင် မဟုတ်ကြောင်း ပြောဆိုကာ ဆိုင်ခန်းငှားရမ်းခ လစဉ် ကောက်ခံနေခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ အဆိုပါ တိုက်တန်းနေ အခြား ဆိုင်ခန်းရှင် တစ်ဦးကလည်း “ကျွန်မတို့
ဖြစ်စေချင်တာကတော့ အဆင်ပြေ သလို ပေးသွင်းချင်တာပေါ့။ ရက်လွန်ကြေး တစ်ရက် ၅၀၀၀ ဆိုတာလည်း
မပေးနိုင်ဘူးလေ။ လောလောဆယ် ၆ လ တစ်ခါ ၂၂၅၀၀၀ ဆောင်နေရတယ်” ဟု ပြောသည်။
.
“ရက်လွန်ကြေး ၅၀၀၀ ဆိုတာက ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့
ဆည်မြောင်းဝန်ကြီး ညွှန်ကြားချက်အရ လုပ်ရတာပါ။ ကျွန်တော်တို့ တိုးကောက်တယ် ဆိုတာ ၂၀၁၈
ကတည်းကပါ။ အဲဒီရှေ့က ကောက်ခဲ့တဲ့ ငွေ ၃၀၀၀ ဆိုတာ ခေတ်ကာလနဲ့ မညီတော့ဘူး။ ဆောင်ရတဲ့
ငွေ အားလုံးကလည်း အစိုးရဘတ်ဂျက်ထဲ ပြန်ဝင်သွားတာပါ” ဟု ရှမ်းပြည်နယ် မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
.
အဆိုပါ ဆိုင်ခန်းများကို ယခင်က မြေငှားရမ်းခအဖြစ် တစ်လ ငွေကျပ်
၃၀၀၀ သာ ကောက်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ်မှ စတင်၍ ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ငွေကျပ် ၂၅၀၀၀
မှ ၃၀၀၀၀ ကျပ်အထိ ကောက်ခံနေခြင်းဖြစ်ပြီး ၆ လ တစ်ကြိမ် ကောက်ခံခြင်းဖြစ်ရာ လက်ရှိတွင်
COVID-19 ရောဂါဂယက်ကြောင့် ဆိုင်ခန်းရှင်များဘက်မှ ငှားရမ်းခ ပေးသွင်းရန် ခက်ခဲနေသဖြင့်
ညှိနှိုင်းပေးစေလိုကြောင်း ဆိုင်ခန်းရှင်များထံက သိရသည်။
.
No comments:
Post a Comment