ဆိုင်းနှောင်
.
ရှမ်းပြည်နယ်အတွင်း၌ အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးနေကြောင်း သိရသည်။
.
ယင်း ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်ကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မြို့နယ်မှစ ရပ်ကွက် ကျေးရွာများအထိ ပါဝင်သော်လည်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီမှ သတ်မှတ်ထားသော Stay Home မြို့နယ်များ မပါဝင်သေးကြောင်းလည်း သိရသည်။
.
.
“ ဘယ်ရပ်ကွက် ဆိုရင် ဘယ်ရက်အပြီး ဆိုပြီးတော့ သတ်မှတ်ရက်နဲ့ ထိုးပေးတာပါ။ ထိုးရမယ့် ကလေးဦးရေ စာရင်းကိုတော့ အရင်ကတည်းက ကောက်ပြီးဖိတ်စာ ပို့ထားတယ်။ ကလေးဦးရေ စာရင်း အပြောင်းအလဲအရ သတ်မှတ်ရက် အပြောင်းအလဲရှိတော့ ဘယ်အချိန် ပြီးမလဲဆိုတာ ပြောလို့ မရဘူးပေါ့။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ရက် သတ်မှတ်၍ ထိုးပေးခြင်း မဟုတ်ဘဲ ကလေးဦးရေ အပေါ် မူတည်၍ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။
.
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်၊ နေ့လယ် ၁ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
No comments:
Post a Comment