မင်းဇော်မင်း
ပြည်ထောင်စု လမ်းညွန်ချက် ၁၀ ပါဖြတ်သန်းခွင့် ပြုသည့် မော်တော်ယာဉ်များမှ အပ ရှမ်းပြည်နယ်အတွင်းသို့ လာရောက်သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အားလုံးကို အောက်တိုဘာလ ၁ ရက်မှ စတင်၍ ၁၄ ရက် ဝင်/ထွက်ခွင့် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက ပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ထံမှ သိရသည်။
.
“ မနေ့က ပိုးတွေ့လူနာတွေက ကုန်ကားသမားတွေချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလမ်းညွှန်ချက် SOP အမှတ်စဉ် ၁၀ အရ ခွင့်ပြုတဲ့ ယာဉ်တွေမှ အပ ဒီနေ့က စပြီး ၁၄ ရက် ဝင်/ထွက်ခွင့် ယာယီပိတ်ပါမယ်။” ဟု ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မော်တော်ယာဉ်များအား အောက်တိုဘာလ ၁ ရက်မှ စတင်၍ ၁၄ ရက်အထိ ယာယီ ဝင်/ထွက်ခွင့် ပိတ်ထားမည် ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းသို့ ဝင်ပေါက်များ ဖြစ်သည့် နောင်ချို၊ ပင်လောင်း၊ ရွာငံ၊ ကလောမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင် အထူးကြပ်မတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးထံမှ သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၃ဝ ရက်စွဲဖြင့် ယနေ့ အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် ကုန်တင်ယာဉ်များ သွားလာမှုနှင့်စပ်လျဉ်း၍ စံသတ်မှတ်ချက် (SOP) အား လိုက်နာ ဆောင်ရွက်ရေးအတွက် COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဖြတ်သန်းခွင့် မပြုခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လဲလှယ်မောင်းနှင်စေခြင်းများကြောင့် ယာဉ်များ ကြာမြင့်စွာ ရပ်တန့်ထားရပြီး ကုန်စည် စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့် အခြေအနေကို စိစစ်တွေ့ရှိနေရသဖြင့် (SOP) စံ သတ်မှတ်ချက်ပါအတိုင်း လုပ်ဆောင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂ ပတ်အတွင်း ထုတ်ပေးထားသည့် (COVID-19) ရောဂါ ကင်းရှင်းကြောင်း Negative ထောက်ခံချက် ပါရှိမှသာ ဝင်ရောက် ဖြတ်သန်းခွင့် ပြုရန်၊ ရှမ်းပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ထွက်ခွာခွင့်ကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ခေတ္တရပ် နားထားရန်ဟု ပါရှိသည်။
.
ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် သမားများအနက် မူဆယ်နှင့် ညောင်ရွှေတို့တွင် စက်တင်ဘာလ ၃၀ ရက်က COVID-19 ပိုးတွေ့ အတည်ပြုလူနာများ တွေ့ရှိပြီးနောက် ယင်းကဲ့သို့ လမ်းညွှန်ချက်များ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။