စိုင်းမျိုးမြတ်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ကျေးရွာ ဘောလုံးကွင်းအတွင်း
ဖွင့်လှစ်ထားသော ယာယီဈေးတွင် ယနေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက ဒေသခံများနှင့်
ဈေးသည်များအကြား အချင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အေးသာယာမြို့၊ စစ်ကိုင်းလမ်းဆုံတွင် COVID-19 သံသယလူနာတစ်ဦး တွေ့ရှိသည် ဟူသောသတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် ယမန်နေ့
အောက်တိုဘာလ ၁ ရက်၊ ညနေပိုင်းမှစ၍ ယာယီဈေးကို ပတ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုလာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဈေးနေရာ ပြန်ပေးမယ်ဆိုပြီး ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုဇယားနဲ့
၈၀၀၀ ယူပြီး စည်ပင်က လုပ်ပေးတယ်။ အခုက နောင်အင် တောင်ရွာကော၊ မြောက်ရွာကော အဝင်မခံဘူး။
ကျန်းမာရေးကြောင့် လက်မခံတာလို့ ပြောတယ်။ အစောပိုင်းကတော့ သာသာကြည်ကြည်ပဲ။ အခုမှ စစ်ကိုင်းလမ်းဆုံဘက်မှာ
သံသယလူနာတွေ့တော့ လုံးဝလက်မခံ တော့တာပါ” ဟု ယင်း နောင်အင်ယာယီပျံကျဈေးတွင် ဈေးရောင်းချသူ
ဒေါ်သန်းမြင့်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အခြား ဈေးသည်တစ်ဦးကလည်း “ကျွန်မတို့ ဈေးသည်တွေက အတော်ဆင်းရဲပါတယ်။
ဘောလုံးကွင်းဈေး လေးတော့ ပြန်ရောင်းစေချင်ပါတယ်။ ဈေးသည်တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
ဘဝပါ။ COVID-19 ကို အကုန် ကြောက်ကြပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ နောင်အင်ဘောလုံးကွင်း ယာယီဈေးမှာ COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်း အေးသီရိဈေးမှ ရွှေ့ပြောင်းလာခြင်းဖြစ်ပြီး
စစ်ကိုင်းလမ်းဆုံနှင့် ရပ်ကွက်အတွင်း သင့်လျော်ရာနေရာများတွင် အသီးသီး ရောင်းချခဲ့ခြင်း
ဖြစ်ကာ ယမန်နေ့ညမှ စတင်၍ ဒေသခံများနှင့် အငြင်းပွားရာမှ ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
“အေးသီရိဈေးက ပိတ်ပြီး နောင်အင်ဘောလုံးကွင်းကို
ရွှေ့ဆိုင်းထားတာ ၃ လ လောက်ရှိပြီ။ အခု အဲဒီ ယာယီဈေးကို နောင်အင်ဘုန်းကြီးကလည်း
ပေးမရောင်းတော့ဘူး။ နောင်အင် တောင်ရွာ၊ မြောက်ရွာကလည်း ပေးမရောင်းတော့ဘူး။ ဒီတော့
ဈေးသည်တွေက လမ်းကြိုလမ်းကြားတွေ ရောက်လာတယ်။ ရပ်ကွက်ထဲမှာလည်း မနေ့ကမှ
စစ်ကိုင်းလမ်းဆုံ က ဈေးမှာ သံသယလူနာတစ်ယောက် တွေ့တယ်။ ရပ်ကွက်ကလည်း ကြောက်နေကြတယ်”
ဟု အေးသာယာမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
ယင်း နောင်အင်ဘောလုံးကွင်းယာယီဈေးမှ ဈေးသည်များ ဈေးရောင်းချခွင့်
ရရှိရေးအတွက် လတ်တလောတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးဌာနနှင့် ဈေးကော်မတီများ
ညှိနှိုင်းပြီး ရုပ်ရှင်ရုံ နောက်ကျော လမ်းကြား၌ ယာယီရောင်းချခွင့် ပြုထားကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အေးသာယာမြို့ အုပ်ချုပ်ရေးမှူးရုံးသို့
ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းရန် ကြိုးပမ်းခဲ့သောလည်း မြို့အုပ်ချုပ်ရေးမှူး
ကွင်းဆင်းသွားနေသည်ဟု ဆိုကာ တွေ့ဆုံခွင့် မရခဲ့ချေ။
.