တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် အာလူးများကို မျိုးအဖြစ် အသုံးပြုနေသော်လည်း အခွန်နှင့် ဈေးကွက် ထိခိုက်နေဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 13, 2020

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် အာလူးများကို မျိုးအဖြစ် အသုံးပြုနေသော်လည်း အခွန်နှင့် ဈေးကွက် ထိခိုက်နေဟုဆို

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း အာလူးဈေးကွက်တွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် စားအာလူးများကို မျိုးအာလူးအဖြစ် အသုံးပြုနေသော်လည်း နိုင်ငံတော်အခွန်နစ်နာမှုအပြင် အာလူးစိုက်တောင်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ဟဲဟိုးမြို့၊ အာလူးစိုက်တောင်သူများအသင်းအဖွဲ့မှ ဦးအောင်သန်းကျော်က ပြောဆိုခဲ့သည်။

.


.

အောင်ပန်းမြို့၊ ပြည်သာယာအောက်ဈေးသို့ အောက်တိုဘာလ ၃ ရက်က ရှမ်းပြည်နယ်အခွန် ၃ ရာခိုင်နှုန်းဖြင့် တရုတ် စားအာလူးများ ဝင်ရောက်လာနေသည့်အပေါ် ဦးအောင်သန်းကျော် က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

“အမှန်က ပြည်နယ်အစိုးရကို အောက်တိုဘာလကနေ ဇန်နဝါရီလအထိ မျိုးအာလူးအနေနဲ့ တင်သွင်းဖို့ တင်ပြထားတာ ရှိတယ်။ တရုတ်ကရော၊ နယ်သာလန်ကရော မျိုးအနေနဲ့ သွင်းမယ်ဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းဆောင်ပြီး ပိုးမွှား ကင်းစင်ကြောင်း စတဲ့ အသိအမှတ်ပြုတွေ ပါရမယ်။ အခုက စားအာလူးအနေနဲ့ ရှမ်းပြည်နယ်အခွန် ၃ ရာခိုင်နှုန်း သွင်းပြီး သယ်လာတာဖြစ်တော့ နိုင်ငံတော်အခွန်နဲ့ အာလူးစိုက်တောင်သူတွေကို ထိခိုက်စေပါတယ်။ ဒါကို အခွန် မြှင့်တင်ကောက်ခံမှု၊ တကယ့်မျိုးအာလူးအဖြစ် တင်သွင်းမှုတွေနဲ့ သက်ဆိုင်ရာက စိစစ်လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု ဦးအောင်သန်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်သူများအနေဖြင့် စားအာလူးအဖြစ် ဝင်ရောက်လာသည့် အာလူးများကို မျိုးအာလူးအဖြစ် ဝယ်ယူစိုက်ပျိုး ကြရသော်လည်း ပိုးမွှား မကင်းစင်မှုများကြောင့် အခက်အခဲ ဖြစ်ရသည့်အပြင် နယ်သာလန် မျိုးအာလူးများနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းနှင့် အရသာ သိသာစွာ ကွာခြားမှုရှိကြောင်း ၎င်းထံက သိရသည်။

.

လက်ရှိ ရှမ်းတောင် အာလူးဈေးကွက်တွင် တရုတ်စားအာလူး တစ်ပိဿာ ၇၅၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ စျေးရှိနေသော်လည်း နယ်သာလန်မှ တင်သွင်းသည့် မျိုးအာလူး မှာ တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ခန့်အထိ ရှိနေကြောင်း သို့သော် စိုက်ပျိုးခြင်းနှင့် ထုတ်ကုန်လုပ်ငန်းတွင်မူ နယ်သာလန်အာလူး မှာ စျေးကွက်ရှိပြီး တောင်းဆိုအားကောင်းကြောင်း သိရသည်။

.

ထိုင်းနိုင်ငံအာလူးစျေးကွက်တွင် သွင်း ၆ လ၊ စိုက် ၆ လဖြင့် အစိုးရက ထိန်းကျောင်းပေးကာ အာလူးလိုအပ်ချက်ရှိလျှင် အခွန်နှုန်းထားများလျှော့ချပေးပြီး မလိုအပ်ပါက ရာခိုင်နှုန်းမြင့်မားစွာတင်၍ စျေးကွက်ကို ထိန်းချုပ်ပေးခြင်းဖြင့် တောင်သူပြည်သူများကို စောင့်ရှောက်ပေးကြောင်း မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းကဲ့သို့ လုပ်ဆောင်ပေးရန် တစ်စိုက်မတ်မတ် တောင်းဆိုလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါ အောင်ပန်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် စားအာလူးများနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ မည်သည့် အခွန်အမျိုးအစား၊ သီးနှံရင်း အနေအထားဖြင့် ဝင်ရောက်လာသည်ကို စုံစမ်းမေးမြန်းမှုူများ ပြုလုပ်ခဲ့ရာတွင် ဖြေကြားသူ မရှိခဲ့ချေ။

.

အာလူးစိုက်တောင်သူများအစုအဖွဲ့တွင် ဟဲဟိုးအနေဖြင့် ရေသွင်းအာလူး ဧက ၃၀၀၀ မှ ၅၀၀၀ အထိကို လာမည့် ဇန်နဝါရီလတွင် စတင်စိုက်ပျိုးသွားရန် ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About