ရှမ်းပြည်နယ်ရှိ မဲရုံများတွင် ပညာ​ရေးဝန်ထမ်း ၄၀၀၀၀ ကျော် တာဝန် ထမ်း​ဆောင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 9, 2020

ရှမ်းပြည်နယ်ရှိ မဲရုံများတွင် ပညာ​ရေးဝန်ထမ်း ၄၀၀၀၀ ကျော် တာဝန် ထမ်း​ဆောင်မည်

စုလှိုင်

.

လာမည့် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ မဲရုံများတွင် ပညာရေးဝန်ထမ်း ၄၀၀၀၀ ကျော် တာဝန် ထမ်း​ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

.



" မဲရုံ တစ်ရုံမှာ မဲရုံဝန်ထမ်းအဖြစ် လောလောဆယ် ပညာရေးဝန်ကြီးဌာနက ပေးမယ့် ၁၀ ယောက် သုံးထားတယ်။ စုစု​ပေါင်း ၃၆၇၅၀ အဲဒါက ပညာရေးဝန်ကြီးဌာနက၊ သူတို့ပေးမယ်ဆိုတဲ့ အရေအတွက်ပေါ့။ မြို့နယ် ၅၀ အတွက်၊ အဲဒီမှာ ဘာ ထပ်ပါလာလဲ ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ သက်ဆိုင်ရာဌာန​တွေနဲ့ ပေါင်းစပ် ညှိနှိုင်းချက်အရ သီးခြားမဲရုံ ပရဝုဏ်မှာပဲ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေကို သီးသန့် ပညာရေးဝန်ထမ်း တစ်ဦး အပူချိန်တိုင်းကိရိယာနဲ့ ကိုယ် အပူချိန်တိုင်းဖို့ကို အဲ့ဒီမှာ ပညာရေးဝန်ထမ်း တစ်ဦး ကိုပေးထားတယ်။ ပေးထားတော့ ၁၀ + ၁ ဆိုတော့ ၁၁ ဦးပေါ့။ အကြမ်းဖျဥ်းတော့ ပညာရေးဝန်ထမ်း ၄၀၀၀၀ ကျော် လိုမှာပေါ့။ ၄၀၀၀၀ကျော်ခန့်ပေါ့။ ” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ပြောသည်။

.

ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ ခုအနက် မြို့နယ် ၅၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး မဲရုံ​ပေါင်း ၃၆၇၅ ရုံ ရှိမည် ဖြစ်ကာ COVID-19 ကာလတွင် လူစုလူဝေး မဖြစ်စေရန် သတ်မှတ်ထားသည့် လမ်းညွန်ချက်များနှင့် အညီ မဲရုံများ၌ မဲပေးရာတွင် မဲပေးသည့် ကာလ ကြာမည် ဖြစ်သည့် အတွက် မဲရုံများတွင် အဆိုင်း(အဖွဲ့)များ ထပ်တိုးထားကြောင်း သိရသည်။

.

" မဲရုံတွေမှာ လက်ရှိ ပေးနေတဲ့ တစ်ဆိုင်း ရှိတယ်။ မဲလက်မှတ် စစ်ဆေးသူ၊ မဲလက်မှတ် ထုတ်ပေးသူ လွတ်တော်တစ်ရပ် အတွက်ကို  ၂ ယောက်၊ လွတ်တော် ၃ ရပ်ဆိုတော့ ၃ ယောက် ။တိုင်းရင်းသားပါလို့ ရှိရင် ၄ ဖွဲ့ ဆိုတော့ အားလုံး အကြမ်းဖျဥ်း ၈ ယောက် ရှိတယ်။ ၈ ဖွဲ့ ပေါ့။လောလောဆယ် တိုင်းရင်းသား ၇ မျိုးကို  ၂ ယောက်ပဲ တွက်ထားလို့။" ဟု ဦးထင်​ကျော်က ဆက်လက် ​ပြောကြားသည်။

.

မဲရုံ တစ်ရုံတွင် မဲရုံမှူး  ၂ ယောက်၊ မဲလက်မှတ် ထုတ်ပေးသူ၊ မဲစိစစ်သူ ၈ ယောက်။ မဲရုံ လုံခြုံရေး ၂ ယောက်၊ မှင်တို့သူ ၁ ​ယောက်၊ ပေါင်း ၁၂ ယောက်ခန့် ထားရှိရန် စီစဥ်ထားပြီး ယင်းဝန်ထမ်း အင်အားအတွက် ပညာရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် ညှိနှိုင်း ​ဆောင်ရွက်သွားမည် ဖြစ်​ကာ မဲဆန္ဒရှင် အ​ရေအတွက်​ပေါ် မူတည်၍ မဲရုံဝန်ထမ်းများ ထပ်တိုးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ​ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

.

ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ မြို့နယ်အနက် မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်းမြို့နယ်နှင့် မိုင်းလားမြို့နယ်တို့မှ အပ ကျန်မြို့နယ် အားလုံးတွင် ​ရွေး​ကောက်ပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်က ကြေညာထားသည့် စာရင်းအရ ရှမ်းပြည်နယ်အတွင်း၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၆၆၅၇၆၀ ရှိ​သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About