မြန်မာ့ ရေထွက်ကုန်(ငါးရှဉ့်)အား တရုတ်မှ တင်ပို့ခွင့် ရပ်ဆိုင်းသည့်အပေါ် ညှိနှိုင်းပေးနိုင်ရန် ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီးထံ တင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြန်မာ့ ရေထွက်ကုန်(ငါးရှဉ့်)အား တရုတ်မှ တင်ပို့ခွင့် ရပ်ဆိုင်းသည့်အပေါ် ညှိနှိုင်းပေးနိုင်ရန် ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီးထံ တင်ပြ

မင်းဇော်မင်း

.          

မြန်မာနိုင်ငံ၊ ချင်းရွှေဟော်နှင့် မူဆယ်လမ်းကြောင်းများမှ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှု အဖြစ် တင်ပို့နေသည့် ရေထွက်ကုန်(ငါးရှဉ့်)ကို တရုတ်နိုင်ငံဘက်မှ အကြောင်းပြချက် မရှိဘဲ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်သည့်အပေါ် ညှိနှိုင်းပေးနိုင်ရန် မန္တလေးအခြေစိုက် ရေထွက်ကုန်(ငါးရှဉ့်) လုပ်ငန်းရှင်များအသင်းက ရှမ်းပြည်နယ်အစိုးရအဖွဲဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံ အောက်တိုဘာ ၁၃ ရက်က တင်ပြစာ ပေးပို့ထားကြောင်း သိရသည်။

.

အဓိကတော့ သူတို့ဘက်က ဘာမှ အကြောင်းပြချက် မရှိ၊ ညှိနှိုင်းချက် မရှိ လုပ်ချင်သလို လုပ်တာကို ခံနေရတာပါ။ ဘာတွေ လိုအပ်နေတယ်၊ ဘာတွေ ဆောင်ရွက်ပေးရမယ်လို့ မပြောတဲ့အပြင် ချက်ချင်း မဝင်ရတော့ဘူးဆိုပြီး ရပ်ပစ် ခံရတာက ဒီမှာ လုပ်နေတဲ့သူတွေမှာ ချက်ချင်းရပ်လို့လည်းမရနဲ့ အခက် ကြုံနေရတာပါ။” ဟု မန္တလေးတိုင်းဒေသကြီး၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးတိုင်းကျော်က ပြောသည်။

.

ထို့အတူ အဆိုပါအသင်းမှ  တရုတ်နိုင်ငံ၊ လင်စန်းခရိုင်၊ မိန်းတိန်မြို့ရှိ မြန်မာတရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုံမှ ညွန်ကြားရေးမှူး (ဥက္ကဌ)ထံသို့လည်း ငါးရှဉ့်ပေးပို့မှု ကိစ္စ ရပ်ဆိုင်းမှုအား ရှင်းလင်းစွာ ထုတ်ပြန်အသိပေးနိုင်ရန် စာ ပေးပို့ထားကြောင်းလည်း သိရသည်။

.


 

ချင်းရွှေဟော် ကုန်သည်အသင်းဘက်သို့ အောက်တိုဘာ ၁၂ ရက်က စ၍ ငါးရှဉ့်တင် ယာဉ်များ ဝင်ခွင့် မပေးတော့ ကြောင်း ဖုန်းဖြင့် အကြောင်းကြားလာခဲ့ပြီး မူဆယ်ဘက်တွင်လည်း တရုတ်ဘာသာဖြင့် ငါးရှဉ့်ကားများ ပေး မဝင်တော့ကြောင်း စာကပ်ထားသည်ဟု သိရကြောင်း ဦးတိုင်းကျော်ထံမှ သိရသည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံသို့ တင်ပြသည့် စာတွင် ငါးရှဉ့်လုပ်ငန်းသည် အရှင်အတိုင်း ဝယ်ယူ စုဆောင်းပြီး အချိန်မီ တင်ပို့ရသည့် လုပ်ငန်းဖြစ်ကာ အောက်ခြေတွင် ဝယ်ယူ စုဆောင်းခြင်းကိုလည်း ချက်ခြင်း ရပ်တန့်၍ မရသော လုပ်ငန်းဖြစ်သဖြင့် ယခုကဲ့သို့ မကြာခဏ တင်ပို့ခွင့် ပိတ်ပင်နေခြင်းကြောင့် နိုင်ငံသားငါးရှဉ့်လုပ်ငန်းရှင်များ အနေဖြင့် ဆုံးရှုံးမှုများ ရှိနေကြောင်း၊ ကုန်သွယ်မှုတွင် လိုအပ်ချက် ရှိပါက သိရှိနိုင်ရန်နှင့် အသိပေး ကြေညာချက် ထုတ်ပြန်ပေးရန်အတွက် သက်ဆိုင်ရာ တရုတ်နိုင်ငံ ပြည်ပဆက်ဆံရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်ဟု ဖော်ပြ ပါရှိသည်။

.

ငါးရှဉ့် မော်တော်ယာဉ် တစ်စီးကို ငွေကျပ်သိန်း ၃၀၀ ဖြင့် တစ်ရက်လျှင် ၈ စီးနှုန်း တစ်နှစ်ပတ်လုံးတွင် ပျဉ်းမျှ ၇ လတာမျှ တရုတ်နိုင်ငံသို့ တင်ပို့နေပြီး နိုင်ငံခြားဝင်ငွေ ငါးရှဉ့်လုပ်ငန်းသည် တစ်နှစ်လျှင် ဒေါ်လာသန်း ၄၀ ကျော် ရရှိသော နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats