မိုင်းထွန်း
.
ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ၁ လုံးနှင့် လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် နေအိမ် ၃၅ လုံးအတွက် ထောက်ပံ့ရေး ပစ္စည်းများကို ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် ကြက်ခြေနီ အသင်းခွဲတို့မှ တာဝန်ရှိသူများက အောက်တိုဘာလ ၂၁ ရက်က သက်ဆိုင်ရာ မိသားစုများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်၊ ခန့်ခဲကျေးရွာအုပ်စု၊ ခန့်ခဲကျေးရွာတွင် အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် လူနေအိမ် ၁ လုံး၊ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အောက်တိုဘာ ၁၀ ရက်က ခန့်ခဲကျေးရွာအုပ်စု၊ နမ့်ဟင်ကျေးရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၃၅ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
.
.
အဆိုပါ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပျက်စီးခဲ့သည့် ခန့်ခဲကျေးရွာရှိနေအိမ် ၁ လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးနှင့် ၎င်းတို့မိသားစုဝင်များအတွက် ဆန်ရိက္ခာဖိုး ၇ ရက်စာ ငွေစုစုပေါင်း ၉၂၁၀၀ ကျပ်၊ ဒဏ်ရာ ရရှိသူအတွက် ငွေကျပ် ၅၀၀၀၊ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နမ့်ဟင်ကျေးရွာရှိ နေအိမ် ၃၅ လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ငွေ ၃၁၅၀၀၀၀ ကျပ်နှင့် အိမ်ထောင်စု ၃၅ စုရှိ မိသားစုဝင် ၁၅၄ ဦးအတွက် ဆန်ရိက္ခာဖိုး ၇ ရက်စာ ငွေ ၃၂၃၄၀၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၃၅၆၅၅၀၀ ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပျက်စီးခဲ့သည့် နေအိမ် ၃၆ လုံးမှ မိသားစုဝင်များအတွက် ကျောက်မဲမြို့ တိုက်ပွဲရှောင်ကော်မတီမှ ဆန် ၇ အိတ်နှင့် ရိက္ခာများ၊ ကြက်ခြေနီ အသင်းမှ အမွှေးပွစောင်၊ ပစ္စည်း ၁၁ မျိုးပါ အမျိုးသမီးတစ်ကိုယ်ရည်သုံးအိတ် Hygiene Kit၊ ဖိနပ်၊ ဖျာ၊ UNDER 2 ၊ ကလေးအ၀တ် အနွေး၀မ်းဆက် အစရှိသည့် အသုံးအဆောင် ၆ မျိုးပါ ပစ္စည်း ၃၆ စုံတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment