မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းကဏ္ဍ မြင့်တက်လာ ဟု UBP ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 28, 2020

မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းကဏ္ဍ မြင့်တက်လာ ဟု UBP ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦး ပြော

ကိုစိုး (ကမ္ဘောဇတိုင်း)

.

မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍ မြင့်တက်လာနေသည်ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၃) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စိုးဥမ္မာက ပြောဆိုခဲ့သည်။

.

“မြန်မာ့နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှု ဆိုရင်တော့ ၂၀၁၅ ကထက်စာရင် ဒီနှစ်မှာ တော်တော်လေး များလာပါတယ်။ တာချီလိတ်မှာဆိုရင်လည်း တခြားပါတီတွေကကော အမျိုးသမီး ကိုယ်စားလှယ်လောင်း တွေ တော်တော်လေး ပါလာတာ တွေ့ရပါတယ်” ဟု ဒေါ်စိုးဥမ္မာက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

 


.


၎င်းအနေဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မူဝါဒနှင့် လမ်းစဉ်များကို နှစ်သက်ပြီး ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုလည်း ယုံကြည်လေးစားသည့်အတွက် UBP နှင့် လက်တွဲ၍ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အနိုင်ရရှိပါက တာချီလိတ်၊ မိုင်းဆတ် ဒေသသာမက မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် UBP ပါတီမှ ပြည်သူကို ပြုထားသည့် ကတိကဝတ် ၁၂ ချက်နှင့်အညီ ပါတီနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

.

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၄ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၇ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၂၈ ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ် နေရာအတွက် ၆ ဦး၊ စုစုပေါင်း ၅၅ ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ၅၅ ဦးအနက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ပါဝင်ကြောင်း သိရသည်။

.

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ပါတီဥက္ကဋ္ဌမှာ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About