ယခင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ယခု အစိုးရအဖွဲ့ဝင်များ အားလုံး တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ခဲ့သည်ဟု ၂ ကြိမ်ဆက် လူမှုရေးဝန်ကြီး မှတ်ချက်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, October 27, 2020

ယခင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ယခု အစိုးရအဖွဲ့ဝင်များ အားလုံး တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ခဲ့သည်ဟု ၂ ကြိမ်ဆက် လူမှုရေးဝန်ကြီး မှတ်ချက်ပြု

ယခင် ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ယခု ဒုတိယအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ အားလုံး တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး အဖြစ် သက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူခဲ့သူ ဒေါက်တာ မျိုးထွန်းက ပြောဆိုခဲ့သည်။

.

“ ခြုံပြီး ပြောရရင်တော့ သက်တမ်း ၂ ခုလုံးက ဝန်ကြီးတွေက တတ်နိုင်သလောက် ကြိုးစားပြီး ဆောင်ရွက်ကြပါတယ်။” ဟု ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.


ဒေါက်တာ မျိုးထွန်းသည် လာမည့် ရွေးကောက်ပွဲတွင် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိင် အရွေးချယ်ခံမည် ဖြစ်ပြီး ယခင် ရွေးကောက်ပွဲများ၌ ရှမ်းပြည်နယ်လွှတ်တော်၊ ကွမ်းလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ၂ ကြိမ်ဆက် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ် သက်တမ်း ၂ ကြိမ်ဆက် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

.

ယခင် ပထမအကြိမ် ရှမ်းပြည်နယ်အစိုးရနှင့် ယခု ဒုတိယအကြိမ် ရှမ်းပြည်နယ်အစိုးရ၏ အားနည်းချက်/ အားသာချက်များအား မေးမြန်းရာတွင် ဒေါက်တာ မျိုးထွန်းက “ ကျွန်တော့်ကို ကျွန်တော် နှိုင်းယှဉ် ပြောရရင်တော့ ဆရာဝန်ဘဝက လာတာ ဖြစ်လို့ ရုံးပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ပထမသက်တမ်းမှာ ပင်ပင်ပန်းပန်းနဲ့ လေ့လာ သင်ယူခဲ့ရတယ်။ ရုံးပိုင်းဆိုင်ရာမှာလည်း ဝန်ထမ်း ၃ ယောက်ပဲ ရှိခဲ့တာ။ ကွန်ပျူတာ၊ ပရင်တာက စ  မရှိဘူး။ ပထမအကြိမ် အစိုးရလက်ထက်မှာ အဲဒီ အားနည်းချက်တွေကို အကုန် ဖြည့်ဆည်းလိုက်လို့ ဒုတိယသက်တမ်းမှာ ပထမသက်တမ်းထက် အဆင်ပြေလာတယ်။ အစိုးရပိုင်းမှာတော့ ပထမသက်တမ်း အစိုးရရော ဒုတိယသက်တမ်း အစိုးရရောကတော့ အတူတူပဲ၊ ဒုတိယသက်တမ်း အစိုးရလည်း ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေက ၂၀၁၆ မှ ဝန်ကြီး ဖြစ်လာတော့ ပထမ သက်တမ်း အစိုးရလိုပါပဲ။” ဟု ပြောဆိုခဲ့သည်။

.

မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် မိမိတို့ ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်သူကို ရွေးချယ်၍ လွတ်လပ်စွာ မဲပေးရန်အတွက် ဒေါက်တာ မျိုးထွန်းက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

.

“ ကျွန်တော် လူထုကို ပြောတာကတော့ မဲထည့်တယ်ဆိုတာက နိုင်ငံသားတွေရဲ့ အခွင့်အရေး ဖြစ်လို့ မဲ ထည့်ခွင့် ရှိတယ်။ မဲထည့်တာက တိုင်းသူပြည်သား အားလုံးရဲ့ တာဝန် ဖြစ်တယ်၊ ဘာကြောင့် တာဝန်ရှိတယ် ဆိုတာကို ရှင်းပြတယ်။ မဲထည့်တယ်ဆိုတာ လွတ်လပ်တယ်။ မည်သူ တစ်ဦးတစ်ယောက်မျှ အတင်းအကြပ်ကြီး မဲထည့်ပါဆိုတာ ပြောခွင့် မရှိဘူးဆိုတာကို ပြောတယ်။ စည်းရုံးရေးသွားတဲ့ အချိန်မှာလည်း လူထုကို အဲလိုမျိုး ပြောတယ်၊ ကိုယ် ပေးချင်တဲ့ လူ၊ ပါတီကို ပေး။ မပေးခင်တော့ စဉ်းစားရမှာပေါ့၊ ဘယ်သူကတော့ ကိုယ့်ဒေသအတွက် သင့်တော်တယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဆင်ပြေလာမယ်ဆိုတာကို တွေးပြီး မဲပေးဖို့ ရှင်းပြပါတယ်။”ဟု ဒေါက်တာ မျိုးထွန်းက ပြောဆိုခဲ့သည်။

.

ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About