တောင်ကြီးတွင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ သောက်စား မူးယစ် ရန်ဖြစ်ခြင်း မပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, October 16, 2020

တောင်ကြီးတွင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ သောက်စား မူးယစ် ရန်ဖြစ်ခြင်း မပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်

တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သော ပန်းခြံ၊ အားကစားကွင်း၊ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ အနီးပတ်ဝန်းကျင် နေရာများနှင့် တောင်ကြီးမြို့၏ အထင်ကရ နေရာ အချို့တွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ခြင်း၊ အများပြည်သူ စိတ်ညိုငြင်စေရန် ပြုမူ ပြောဆိုခြင်းများအား မည်သူမျှ မပြုလုပ်ရန် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့ (အောက်တိုဘာလ ၁၆ ရက်)တွင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့သည်။

.


 

ယင်း ဒေသန္တရ အမိန့်တွင် ပါရှိသည့် နေရာများမှာ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၊ ကန်ရှေ့ရပ်ကွက်ရှိ ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ အရှေ့ဘက် ဆိုင်ကယ် ရပ်နားရာ နေရာ၊ ရေအေးကွင်းရပ်ကွက်ရှိ K & K စတိုးရှေ့ မြေကွက်လပ်နှင့် မြစိမ်းတောင်ဘုရား အတက်လမ်း၊ လမ်းမတော်ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းသွယ်(အောက်မေ့ဘွယ် ဓမ္မာရုံလမ်းသွယ်)မင်္ဂလာဦးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြင်းရုပ် ပရဝုဏ်အတွင်း၊ သစ်တောရပ်ကွက်ရှိ အိမ်တော်ထင်းရှူးကွင်းအိမ်တော်ဝိုင်း လမ်းဆုံတြိဂံနေရာ၊ ဗိုလ်ချူပ်ပန်းခြံ ပရဝုဏ်၊ စူဠာမုနိလောက ချမ်းသာစေတီတော်နှင့် တောင်ကြီး ဂေါက်ကလပ်ဘက် လမ်းဆုံနေရာ၊ စဝ်စံထွန်းရပ်ကွက်ရှိ ရူခင်းသာပန်းခြံနှင့် ကြိုးတံတားအနီး၊ စျေးပိုင်းရပ်ကွက်ရှိ မြို့မစျေး အနီးဝန်းကျင်၊ ချမ်းမြသာစည်ရပ်ကွက်ရှိ စတုဘုံမိကာဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်နေရာနှင့် ကံကြီးရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်း အနီးဝန်းကျင်တို့ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဒေသန္တရ အမိန့်ပါ တားမြစ်ချက်ကို ဖောက်ဖျက်သူ မည်သူမဆို တည်ဆဲဥပဒေအရေးယူခြင်း ခံရမည် ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင်လည်း တောင်ကြီးမြို့ပေါ်ရှိ အိမ်တော် ထင်းရှူးတော အပါအဝင် အိမ်တော် အတက်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး၊ ညစျေးနာရီစင်၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း အစရှိသည့် နေရာများတွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း မပြုရန် တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် ထုတ်ပြန် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About