စုလှိုင်
.
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ရှမ်းပြည်နယ်ရှိ
အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် အသင်းဝင်များမှ ပြန်လည် ပေးဆပ်ရမည့် ချေးငွေ အတိုးနှင့် အရင်းများ အတင်းအကြပ် ချေးငွေ
လိုက်လံ ကောက်ခံခြင်း မပြုရန်၊ အသင်းဝင်များမှ ပေးဆပ်နိုင်မည့် အချိန်ကို ညှိနှိုင်း ကောက်ခံရန်နှင့် မလိုက်နာပါက အရေးယူသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က
အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.
.
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရှမ်းပြည်နယ်အတွင်းရှိ
အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း များ အနေဖြင့် အသင်းဝင်များ၏ အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု ကျဆင်း နေသည့် ကာလအတွင်း အသင်းဝင်များမှ
ပြန်လည်ပေးဆပ်ရမည့် ချေးငွေ အတိုးနှင့် အရင်းများ တင်းကြပ်စွာ ကောက်ခံခြင်းမပြုလုပ်ကြရန်နှင့်
အသင်းဝင်များမှ ပေးဆပ်နိုင်မည့် အချိန်ကို ညှိနှိုင်း၍ ကောက်ခံရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ
အောက်တိုဘာလ ၁ ရက်တွင် ညွှန်ကြားခဲ့ပြီးဖြစ်ရာ လိုက်နာမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက
အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေပါ စီမံခန့်ခွဲရေး နည်းလမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ထပ်မံ အကြောင်းကြားထားခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအားလုံးနှင့်
စည်းဝေးပွဲခေါ်ယူပြီးဆွေးနွေးပြီးဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်၊ ညပိုင်းက ရေးသားတင်ပြထားပြီး
ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း
ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ချေ။
.
No comments:
Post a Comment