စိုင်းသိင်္ခသူ
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း
ဒုတိယအများဆုံး ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ
(နှင်းဆီပါတီ) (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင် ကို ထောင်ပြေးမှုဖြင့်
စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ
ဦးဇော်ဌေးက သတင်းမီဒီယာများသို့ အွန်လိုင်းမှတစ်ဆင့် ပြောဆိုခဲ့သည်။
.
.
ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာတွင်
ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်ခံထားရသူ
ဖြစ်သည့်အတွက် ရဲဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“စိစစ်ဆဲ၊ ဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။
ကျန်တာတွေ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်းသာ ဖြေကြားလိုပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
.
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို ပြစ်မှုအတွက်
ဥပဒေနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန်အားထုတ်လျှင်
ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
.
ဦးကျော်မြင့်သည် ၁၉၉၈ ခုနှစ်တွင် ၎င်း၏ကုမ္ပဏီကိစ္စဖြင့်ထောင်ဒဏ်
၉ နှစ်ချမှတ်ခံရပြီး မန္တလေးဆေးရုံ၌ အကျဉ်းသားအဖြစ်ဆေးကုသရန် ရောက်ရှိနေစဉ်
ထွက်ပြေးလွတ် မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၎င်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ
(UDP) သည် ၂၀၁ဝ ပြည့်နှစ်နှင့်
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးလျှင် ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့်
နိုင်ငံရေးပါတီလည်းဖြစ်သည်။
.