ကုန်တင်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရန် ထောက်ခံချက်များ လုပ်ဆောင်ပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုန်တင်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရန် ထောက်ခံချက်များ လုပ်ဆောင်ပေးနေ

မင်းဇော်မင်း

.

Covid-19 ရောဂါ ကြောင့် ခရီးသွားလာမှုများ ကန့်သတ်နေစဉ်အတွင်း ရှမ်းပြည်နယ်မှ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ထွက်ခွာနေသည့် ကုန်တင်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် စက်တင်ဘာလ ၁၀ ရက်မှ စတင်၍ ရှမ်းပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ ထောက်ခံချက်များ ပြုလုပ်ပေးလျက်ရှိ သည်ဟု သိရသည်။

.

.

“မနေ့ (စက်တင်ဘာလ ၁၀ ရက်) က စပြီးထောက်ခံချက်ပေးပါတယ်။ ဒါမှသာ လမ်းခရီးစစ်ဆေးရင် အဆင် ပြေမှာဖြစ်ပါတယ်။ အသင်းရုံးမှာ လာရောက်ပြီး ထောက်ခံစာလာယူနိုင်ပါတယ်။ ကုန်အမျိုးအစား ကန့်သတ်တာ မရှိပါဘူး”ဟု ရှမ်းပြည်နယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှအသင်းဥက္ကဌ ဦးခင်မောင်သိန်း က ပြောသည်။

.

အဆိုပါ ထောက်ခံစာတွင် အခြေပြုလိပ်စာ၊ သွားရောက်မည့် ခရီးစဉ်လိပ်စာ၊ ယာဉ်မောင်း၏ ကိုယ်ရေး အချက်အလက်များကို ဖော်ပြထားပြီး ယခုအချိန်အထိ ကုန်တင်ယာဉ်များ လမ်းခရီးများတွင် အခက်အခဲများ ကြားသိရခြင်းမရှိသေးကြောင်းသိရသည်။

.

ကုန်တင်ကားများ ဖြတ်သန်းသွားခြင်းကိစ္စနှင့်ပတ်သက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ စက်တင်ဘာလ ၁၀ ရက် က ထုတ်ပြန်သည့် စာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝင်/ထွက်စစ်ဆေးရေးဂိတ်များ၌ ကုန်တင်ယာဉ်များကို ကျန်းမာရေး စစ်ဆေးမှု များပြုလုပ်ပြီး ဝင်/ထွက် ခွင့်ပြုရန်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးသည်နှင့် လုပ်ငန်းခွင်ပြင်ပ အခြားနေရာ များသို့ သွားရောက်ခွင့်မပြုဘဲ သတ်မှတ်ထား သည့်နေရာတွင်သာအခြေပြုစေပြီး နေရပ်သို့ပြန်လည်စေလွှတ်သွားရန်၊ ဓာတ်ခွဲအတည်ပြုနမူနာပေးပို့သည့်ယာဉ်များ၊ အရေးပေါ်လူနာတင်ယာဉ်များနှင့် တာဝန်ဖြင့် သွားလာသည့် ယာဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်/ထွက်ခွင့်နှင့် ဖြတ်သန်းသွားလာမှုကို  အဆင်ပြေ လွယ်ကူချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးသွားရန်နှင့် သိရှိလိုက် နာဆောင်ရွက်ရန် တို့ပါရှိကြောင်း သိရှိရသည်။

.

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ အနေဖြင့်လည်း ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းနှင့်စပ်လျဉ်း၍ ဗဟို၏ လမ်းညွှန် ချက်အတိုင်း အမြန်လမ်းမှအစ မည်သည့်ကုန်အမျိုးအစား၊ ကုန်တင်ယာဉ်ကိုမျှ ကန့်သတ်တားဆီးထားခြင်းမရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats