ကိုစိုး (ကမ္ဘောဇတိုင်း)
.
COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တောင်ကြီးမြို့နယ်အတွင်းရှိ
စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင် များအား ဆိုင်ထိုင်စနစ်အစား ပါဆယ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသော်လည်း
လိုက်နာ ခြင်းမရှိသည့် စားသောက်ဆိုင် ၁၀ ဆိုင်ခန့်ကို ပထမအကြိမ်အဖြစ် မှတ်တမ်းတင် သတိပေးမှုများ
ပြုလုပ်ခဲ့သည်ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံက သိရသည်။
.
.
“Take Away စနစ် မလိုက်နာတဲ့ စားသောက်ဆိုင်တွေကို ပထမအကြိမ် မှတ်တမ်းတင်
သတိပေးတယ်။ ချက်ချင်း ခုံတွေကို ပြန်ပြင်ခိုင်းပါတယ်။ ဒုတိယအကြိမ်ဆိုရင် ဆိုင်ပိတ်ခိုင်းပါမယ်။
တတိယအကြိမ်အထိ ဆိုင်ပိတ်ခိုင်းရဲ့သားနဲ့ ဖွင့်ပြီး ရောင်းနေမယ်ဆိုရင်တော့ တည်ဆဲဥပဒေနဲ့အညီ
အရေးယူသွားမှာ ဖြစ်ပါတယ်။ အခု ပထမအကြိမ်မှာ ၁၀ ဆိုင် လောက် မှတ်တမ်းတင် သတိပေးခဲ့ပါတယ်”
ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်နှင့်
စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ
ရောင်းချသွားရန် ရှမ်းပြည်နယ် COVID-19
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင်
ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်တွင် ယင်း ညွှန်ကြားချက်အား
တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများထံသို့ ဆက်လက်ဖြန့်ဝေပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ်ရှိ ဈေးများ၊
လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေးအသိပညာပေးမှုများကို ဆောင်ရွက်လျက်ရှိရာ
ယနေ့အထိ Mask မတပ်ဆင်သူ လူဦးရေ ၅၀၀ ကျော်ကို ပညာပေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကာ
အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာမှု မရှိပါက တည်ဆဲဥပဒေ များနှင့် အညီ အရေးယူသွားမည်ဖြစ်ကြောင်း
သိရသည်။
.
“အားလုံး ဝိုင်းထိန်းမှ ရမယ့်ကိစ္စ ဖြစ်နေတယ်။ အစိုးရ တစ်ခုတည်း
လုပ်လို့လည်း မရဘူး။ အားလုံး သတ်မှတ်တဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပေးကြဖို့
လိုပါတယ်။ အဓိက ကတော့ ပြင်ပက ဝင်လာတဲ့သူတွေ ဆီမှာ ရောဂါပိုး တွေ့ရတာ များနေတယ်။ ဒါကြောင့်
ပြင်ပက ဝင်ရောက်လာတဲ့ သူတွေအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း သတင်းပေးပို့ပြီး Quarantine ဝင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုပါတယ်” ဟု ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၁ ရပ်ကွက်၊
ကျေးရွာအုပ်စု ၂၄ အုပ်စုရှိပြီး မြို့နယ်အတွင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင် ၄၀၀
ခန့် ရှိကြောင်း အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်အရများ သိရသည်။
.