စုလှိုင်
.
တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်
ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
ဒေါ်တင်တင်စိုး ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန်
တောင်ကြီးခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီက
အကြောင်းပြန်ကြားထားသည်ဟု သိရသည်။
.
.တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညိုမီးကျေးရွာနေ
လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်စိုး၏ နေအိမ်တွင် ကြက်တိုက်လောင်းကစားဝိုင်း
ပြုလုပ်သည်ဟုဆိုကာ စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက ၎င်းအပါ အဝင် ကြက်တိုက်လောင်းကစား ပြုလုပ်နေသူများအား
ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များမှ သေနတ်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒေါ်တင်တင်စိုး ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေအတိုင်း
ဆောင်ရွက်ဖို့ ပြန်ကြားလိုက်တာပါ” ဟု တောင်ကြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးဝင်းရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ
စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ အကြောင်း ပြန်ကြားစာတွင် ဒေါ်တင်တင်စိုး ဖမ်းဆီးခံထားရခြင်းမှာ
တည်ဆဲဥပဒေများနှင့် ညီညွတ်မှု အားနည်းနေသည်ဟု ထင်မြင်ယူဆကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ
၅၇ အရ မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို
ကျင့်သုံးခြင်းမပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊
လိမ်ညာလှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ် ယူခြင်းကို ကျူးလွန်ပါက ရွေးကောက်ပွဲဆိုင်ရာ
ပြစ်မှုကို ကျူးလွန်ရာရောက်သည်ဟု ပြဌာန်းထားပါကြောင်း၊ ဒေါ်တင်တင်စိုးအား မလိုလားအပ်သော
မတရားဖမ်းဆီးခံရခြင်း ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၃ အရ နိုင်ငံသား တစ်ဦး၏
အခွင့်အရေး ဆုံးရှုံးနစ်နာဖွယ် ရှိနေပါကြောင်း ဖြင့် ဖော်ပြပါရှိသည်။
.
“ကော်မရှင်က ဥပဒေပညာရှင်တွေ၊ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး
သုံးသပ်ချက်ကတော့ အားရပါတယ်။ လောလောဆယ်ကတော့ ဒေါ်တင်တင်စိုးနဲ့ မတွေ့ရသေးတဲ့အတွက် ဘာမှတော့
ပြောလို့မရသေးပါဘူး။ သေနတ် ပစ်ဖောက်တာက ပြည်သူ့စစ်ကပါ” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊
ရှမ်းပြည်နယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်သူနီက ပြောသည်။
.
ထို့အတူ ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်စိုး၏ ခင်ပွန်းဖြစ်သူ
ဦးစွမ်းထက်သိန်းမှ အဆိုပါ ဖမ်းဆီးမှုသည် ထောင်ချောက်ဆင်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်းသာ
ဖြစ်သည်ဟု ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပအိုဝ်းဌာနေပြည်သူ့စစ်မှ ဗိုလ်မှူး
ခွန်ဇော်ပျံအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ဖြစ်စဉ်အား သိရှိခြင်းမရှိသေးကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
“ကြက်တိုက်တယ်လို့ ပြည်သူက တိုင်လို့ပါ။ ဖမ်းဝရမ်းကို
တောင်းပြီး မှ သွားဖမ်းဆီးခဲ့တာပါ။ အမှုဖွင့် အရေးယူ ထားပါတယ်။ လောင်းကစား
ဥပဒေပုဒ်မ ၁၅(က)၊ ၁၆(က)၊၁၇(က) နဲ့ အရေးယူထားပါတယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်
ကျော်အောင်ကလည်း ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) နယ်မြေအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်တင်တင်စိုး အပါအဝင် နိုင်ငံရေးပါတီ
၉ ခုမှ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထားကြောင်း
သိရသည်။
.