အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ အုတ်ဖိုလမ်းအတွင်းရှိ ရေမြောင်းအား
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိရာ
မြေသားကျွံမှု ဖြစ်ပွားနေပြီး လူနေအိမ်များ ပြိုကျမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရကြောင်း
သိရသည်။
.
.ရေမြောင်းတူးဖော်မှုလုပ်ဆောင်နေစဉ်အတွင်း စက်တင်ဘာလ ၁၈ ရက်၊
ညနေ ၄ နာရီခန့်က အနောက်မြို့ပတ် လမ်းပေါ် မေးတင်ဆောက်လုပ်ထားသည့် ၃ ထပ်တိုက်အောက်ခြေဖောင်ဒေးရှင်းများ
ပြိုကျပျက်စီးမှု ဖြစ် ပေါ်ခဲ့ပြီး မြို့မရပ်ကွက်၊ အုတ်ဖိုလမ်းရှိ နေအိမ်တစ်လုံးသို့လည်း
ဖောင်ဒေးရှင်းအပျက်အစီးများ ကျရောက်သဖြင့် နှစ်ထပ်အိမ်နံရံများ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
“လုပ်တာကတော့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနဲ့ ကုမ္ပဏီတစ်ခုလုပ်တယ်လို့ပြော
တယ်။ ရေမြောင်းတူးနေတုန်း ၃ ထပ်တိုက်အောက်ခြေဖောင်ဒေးရှင်းတွေပြိုကျလာတာပေါ့။ အုတ်ဖိုလမ်းထဲ
၂ ထပ် အိမ်ပေါ်ကျပြီး အိမ်ပျက်စီးမှုတွေဖြစ်ကုန်တယ်။ တစ်ဖက်ကပြိုပြီး ပိလာမှာ
ကြောက်တာနဲ့အိမ်မှာလည်း ဘယ်သူမှမနေရဲကြတော့ဘူး ” ဟုအဆိုပါနေရာတွင်နေထိုင်သည့်
ကိုစိုင်းတစ် က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အဆိုပါ ၃ ထပ်တိုက်ဆောက်လုပ်ထားသည့်မြေနေရာမှာ
ဖို့မြေပေါ်တွင် ဆောက်လုပ်ထားတာဖြစ်သည့်အတွက် မိုးသည်းထန်စွာရွာသွန်းလာပါက
ရေမြောင်းအတွင်းရေတိုးအားကြောင့် ပြိုကျလာနိုင်ချေရှိကြောင်း မြို့မ ရပ်ကွက်အတွင်း
နေထိုင်သူတစ်ဦးကလည်းပြောသည်။
.
အပူပိုင်းမုန်တိုင်း “ နို ” (NOUL) သည်အားအလွန်ကောင်းလာနိုင်ပြီး
စက်တင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)
အတွင်းမိုးကြီးနိုင်သည့်အတွက် အဆိုပါသုံးထပ်တိုက်အား မုန်တိုင်းမိုးမကျမီ
ပြိုကျပျက်စီး ခြင်းမရှိစေရန် အချိန်မီပြင်ဆင်လိုအပ်နေကြောင်းသိရသည်။
.