စိုင်းအောင်မြတ် (တောင်ကြီး)
.
တောင်ကြီးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် တစ်ခါသုံး နှာခေါင်းစည်း (Mask) လှူဒါန်းသူ
များပြားလာလျက်ရှိကြောင်း သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင် တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အထုပ်လိုက်
လှူဒါန်းသူများ ရှိသကဲ့သို့ မြို့ပေါ်ရှိ လူစည်ကားရာအရပ်များဖြစ်သည့် ဈေးများ၊ လမ်းများ
တွင် ပြည်သူများလက်ဝယ်အရောက် လိုက်လံဝေငှလှူဒါန်းသူများလည်း ရှိကြောင်း သိရသည်။
.
“မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေ အသုံးပြုရအောင် ရည်စူးပြီး မြို့နယ်
COVID-19
ကော်မတီကို လှူဒါန်းခဲ့တာပါ။ Mask အခုရေ
၁၀၀၀၀၊ တန်ဖိုးငွေ ၂၄၀၀၀၀ ကျပ် လှူဒါန်းခဲ့တာပါ။ မကြာခဏလည်း လှူဒါန်းဖြစ်ပါတယ်။ နောက်ထပ်
လည်း တတ်နိုင်သလောက် လှူဒါန်းသွားဦးမှာပါ” ဟု မြို့နယ် COVID-19 ကော်မတီသို့ Mask လှူဒါန်းခဲ့သူတစ်ဦးဖြစ်သူ ကိုအောင်ခိုင်ဝင်းက
ကမ္ဘောဇတိုင်းသို့ ပြေသည်။
.
ထို့အတူ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် Mask ဝေငှလှူဒါန်းခဲ့သူ တစ်ဦးကလည်း “ကျွန်မတို့ မိသားစု အလှူအဖြစ် ဒီနေ့ အနောက်မြို့ပတ်လမ်း
ကျောင်းကြီးစုရပ်မှာ လှူဖြစ်ခဲ့တာပါ။ အနောက် မြို့ပတ်လမ်းက လူရော၊ ယာဉ်တွေပါ အသွားအလာ
များတော့ သုံးစွဲသူတွေ လက်ထဲအရောက် လူမျိုးမရွေး၊ ဘာသာ မရွေး၊ အဆင့် အတန်းမရွေး ကိုယ်တိုင်ကိုယ်ကျ
လှူဒါန်းနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ Mask များ လှူဒါန်း ဝေငှခြင်းအပြင်
COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေး ဗွီနိုင်းပိုစတာများ ချိတ်ဆွဲ၍
အသိပညာပေးခြင်း၊ ကလေးငယ်များ၏ Mask တပ်၊ လက်ဆေး တေးသရုပ်ဖော်
အကများဖြင့် Mask Campign အစီအစဉ်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သူများလည်း
ရှိကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက် ဦးဆောင်သော တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်
အရေးပေါ်တုံ့့ပြန်ရေးကော်မတီနှင့် စေတနာ့ဝန်ထမ်းများ မှလည်း တောင်ကြီးမြို့ပေါ်ရှိ ဈေးများ၊
လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေးမှုများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.