ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများအရ နှစ်စဉ်ကျင်းပမြဲဖြစ်သော
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ကို ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်မည်မဟုတ်ကြောင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
.
.
“ပြီးခဲ့တဲ့
အပတ်က အစိုးရအဖွဲ့ အစည်းအဝေးမှာ တန်ဆောင်တိုင်ပွဲမလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒီတစ်နှစ်ကတော့ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ တန်ဆောင်တိုင်ပွဲက နိုဝင်ဘာလထဲမှာ လုပ်ရမှာဖြစ်တယ်။
အခုချိန်အထိကတော့ COVID-19 နဲ့
ပတ်သက်လို့ မထိန်းနိုင်သေးဘူး။ နိုင်နိုင်နင်းနင်း မရှိသေးဘူး” ဟု တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်
လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို
နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ ကျင်းပပြုလုပ်လာခဲ့သော်လည်း
ယခုနှစ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်
ပွဲတော်အား မကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်တွင် ရိုးရာမီးပုံးပျံပြိုင်ပွဲ၊
မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်း
ရက်လုပ်လှူဒါန်းပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ စာပေဆိုင်ရာပြိုင်ပွဲ
များကို နှစ်စဉ် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။
.